၁၃. ၈. ၂၀၂၅
Written by Nyein Kyaw
နယ်စပ်ဒေသရှိ လက်နက်ကိုင်အကြမ်းဖက်သမားများ တရားမဝင်ကုန်သွယ်မှုမှ ကောက်ခံရရှိသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်၍ တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးတွင် ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတိုအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများကြောင့် နိုင်ငံတော်၏ စီးပွားရေးပျက်ခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
