
MT News
၁၂. ၈. ၂၀၂၅
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခရီးသည်တင်မှန်လုံမော်တော်ယာဉ်မှ Guard Rail အား ဝင်ရောက်တိုက်မိ၍ အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၁ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅၃ မိုင် ၄ ဖာလုံနှင့် ၃ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဂူတာရပ်ကွက်နေ ဇော်မင်းလွင်(၄၄)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၇ ဦး လိုက်ပါလာသော YGN-8/1N-XXXX ခရီးသည်တင်မှန်လုံမော်တော်ယာဉ်သည် လားရာတူရှေ့မှ မော်တော်ယာဉ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ Guard Rail အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်သွားခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကြပ်ကျေးရွာနေ ဒေါ်ကြည်ကြည်မြင့်(၆၂)နှစ်ပါ အမျိုးသမီး ၆ ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယာဥ်မောင်း ဇော်မင်းလွင်အား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
