
MT News
၁၂. ၈. ၂၀၂၅
မနက်ဖြန်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို ပြည်နယ်များအတွက် ပြန်လည်ထုတ်ပေးမည်ဖြစ်ကာ ထိုသို့ အမှတ်စာရင်းများ ထုတ်ပေးရာ၌ နေပြည်တော်ရုံးချုပ်တွင် ကောင်တာ (၄)ခု၊ ရန်ကုန်ရုံးခွဲတွင် ကောင်တာ (၁၀)ခု ဖွင့်လှစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ် ထုတ်ပေးမည်ဟု သိရသည်။
အမှတ်စာရင်းများကို သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးခွဲ)၊ ရန်ကုန် တို့တွင် တိုက်ရိုက်လာထုတ်သော တစ်ဦးချင်းထုတ်သူများကိုသာ ထုတ်ပေးမည်ဖြစ်ပြီး အဖွဲ့လိုက် ထုတ်ပေးမည်မဟုတ်သေးကြောင်း သိရသည်။
ထို့အပြင် ယခင်ကဲ့သို့ စောင်ရေကောင်တာခွဲ၍ ထုတ်ပေးမည်မဟုတ်ဘဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ်ထုတ်ပေးမည်ဖြစ်ကာ မိမိထုတ်ယူလိုသော ခုံနံပါတ်မှာ ကချင်ပြည်နယ်မှ ခုံနံပါတ်ဖြစ်ပါက ကချင်ပြည်နယ်ထုတ်ပေးသည့် ကောင်တာတွင်သာ အမှတ်စာရင်းလျှောက်လွှာ တင်ရမည်ဖြစ်ပြီး အခြား မသက်ဆိုင်သည့်ကောင်တာများတွင် တင်၍ မရသလို ထုတ်ပေးမည်လည်း မဟုတ်ပေ။
မနက်ဖြန် ဩဂုတ် ၁၃ ရက်နေ့တွင် ပြည်နယ်များ၏ အမှတ်စာရင်းများ စတင်ထုတ်ပေးမည်ဖြစ်သော်လည်း အခြား တိုင်းဒေသကြီးများမှ အမှတ်စာရင်းများ မထုတ်ပေးသေးဘဲ ဩဂုတ် ၁၄ ရက်နေ့တွင် ပြည်နယ်များနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးများ၏ အမှတ်စာရင်းများ စတင်ထုတ်ပေးမည်ဖြစ်ကာ အခြား တိုင်းဒေသကြီးများမှ အမှတ်စာရင်းများ မထုတ်ပေးသေးဘဲ ကျန်သည့် တိုင်းဒေသကြီးများ၏ အမှတ်စာရင်းထုတ်ပေးသည့်ရက်ကို ဆက်လက်ကြေညာပေးမည်ဖြစ်သည်။
အမှတ်စာရင်း ထုတ်ပေးရာတွင် တိုကင်စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ကနဦးတွင် တိုကင်(၅၀) ဖြင့်စတင် ဆောင်ရွက်မည်ဖြစ်ကာ တစ်ဦးလျင် အများဆုံး (၃)စောင်ထိသာထုတ်ပေးမည်ဖြစ်သည်။ ထို့အတွက် လည်ဆွဲကတ်နှင့် တိုကင်ထုတ်ယူရန်အတွက် အမှတ်စာရင်းထုတ်ယူရန် လာရောက်သူသည် မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားကတ် တစ်ခုခုယူခဲ့ရမည်ဖြစ်ကာ အမှတ်စာရင်းလျှောက်လွှာတွင် ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရဘာသာများ ဖြည့်စွက် တင်သွင်းရမည်ဖြစ်ပြီး အချက်အလက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ဟု သိရသည်။
