




၁၂.၈.၂၀၂၅
Written By Thandar
လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ဟာသဇာတ်လမ်းပုံစံ “အထာတော့…ထား”ရုပ်ရှင်ဇာတ်ကား ကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“အထာတော့….ထား ဇာတ်ကားမှာ ညီမတို့တွေ သုံးယောက်စလုံးက ကိုမြင့်မြတ်ရဲ့ ရည်းစားတွေပါ။ တစ်ယောက်တစ်မျိုးစီ အရမ်းစွာကြတယ်။ ဘေဘေးနဲ့ မချောရတနာက ကိုမြင့်မြတ်ရဲ့ Ex တွေပေါ့နော်။ ဒီကားမှာက အမှတ်တရတွေလည်းများပါတယ်။ နပန်းလုံးခဲ့ကြသေးတယ်။ ဒဏ်ရာရတာတွေလည်းရှိခဲ့ပါတယ်။ ပရိသတ်တွေ ကြည့်ပြီးတော့ ပျော်ရွှင်ရယ်မောရမယ် ဇာတ်ကားပါ” လို့ သရုပ်ဆောင် Ashley Bay Bay ကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း စွမ်းပိုင်၊ ဇာတ်ညွှန်းစွမ်းပိုင်နဲ့ မင်းကိုစိုး၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က ဟာသဇာတ်လမ်းပုံစံ ပြင်ဦးလွင်နဲ့ ရန်ကုန်တို့မှာ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီကျော်ရဲအောင်၊ ညီထွဋ်ခေါင်၊ ဘုန်းမင်းနေလ၊ အကယ်ဒမီ ချောရတနာ၊ စိုးမိုးကြည်၊ ဘေဘေး၊ နေဆန်း၊ လင်းလင်း၊ သဲစုညိမ်း၊ Ashley Bay Bay၊ ပန်းသီး၊ Kညီ၊ အောင်တိုးတို့နဲ့အတူ အခြားအနုပညာရှင်များစွာ ပါ၀င်ရိုက်ကူးထားကြပါတယ်။
တေးရေး တေးဆို မင်းစည်သူနဲ့ ရွှေဆုတို့ သီဆိုထားတဲ့ “ကိုကိုလူဆိုးကြီး” သီချင်းက ဇာတ်ဝင်တေးအဖြစ်ပါဝင်ပါတယ်။
“အထာတော့..ထား”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
