◾️ လွှတ်တော်အစည်းအဝေးကျင်းပချိန် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေးပါ ရည်မှန်းဆောင်ရွက်နေ
◾️ ရွေးကောက်ပွဲကာလတွင် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူလူထုကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်နေမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန်နှင့် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးတရားစီရင်ရန်ပါ မှာကြား

၁၂. ၈. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းမထား၍ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးတွင် ပြောကြားသည်။
ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကိုလည်း အတိုင်းအတာတစ်ခုအထိအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း ဆောင်ရွက်သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန်ဖြစ်ကြောင်း၊ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့ သတ်မှတ်ထားခြင်းမရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ရွေးကောက်ပွဲကျင်းပရာတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့် နိုင်ငံများလည်းရှိသကဲ့သို့ အများစုမှာ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးကြသည်ကို လေ့လာတွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
လွှတ်တော်အစည်းအဝေး အထမြောက်ရန်အတွက် လိုအပ်သည့်ကိုယ်စားလှယ် များရရှိရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၈၅) တွင် ပထမဆုံး လွှတ်တော် အစည်းအဝေးကျင်းပရာ၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်မည်ဟု ဖော်ပြပါရှိကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ်အစည်းအဝေး၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက်ပါက ဒုတိယအကြိမ် အစည်းအဝေးအထမြောက်သည်ဟု ဖော်ပြပါရှိကြောင်း၊ ထို့ကြောင့် လွှတ်တော် အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့နယ်များ အားလုံး၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရွေးကောက်ပွဲ ကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း မဲစည်းရုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပါတီရုံးဖွင့်ခွင့်များရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်လိုသကဲ့သို့ ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှု မရှိစေရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်ကြပ်မတ်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍လည်း စနစ်တကျစိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများဆောင်ရွက်ချိန်တွင် ၎င်းတို့၏ လုံခြုံရေး အတွက် မိမိတို့အနေဖြင့်စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ရမည်ဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့်လည်း အမြန်ဆုံးတရားစီရင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သာမာန်အမှုအခင်းမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကျူးလွန်မှုဖြစ်သဖြင့် ထိရောက်သည့်တရားစီရင်မှုများဖြင့် အမြန်ဆုံးတရားစီရင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
