၃. ၂. ၂၀၂၃
Written by Ye Kyaw
သွင်းကုန်လိုင်စင်/ ပါမစ်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိနေသည့် ကုန်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့်အတွက် လုံးဝ (လုံးဝ) ဖြေလျှော့ပေးသွားမည်မဟုတ်ဘဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
”သွင်းကုန်လိုင်စင် ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာဌာနများ၏ သွင်းကုန်လိုင်စင်/ပါမစ်/ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သတ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲပါသတင်းလွှာ (၆/၂၀၂၂) ဖြင့် ထပ်မံအသိပေးထားပြီးလည်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်/ပါမစ်မရှိဘဲ ကုန်ပစ္စည်းများ ကြိုတင်တင်သွင်းခြင်း မပြုကြရန်နှင့် မိမိအစီအစဥ်ဖြင့် သွင်းကုန်လိုင်စင်/ပါမစ်မရမီ ကြိုတင်တင်သွင်းလာပြီးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသို့ တင်ပြခြင်းများမပြုလုပ်ရန်အတွက် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
အသိပေးကြေညာချက်များအား လျစ်လျူရှုပြီး လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိဘဲ တင်သွင်းရောက်ရှိလာသည့်ကိစ္စများနှင့် စပ်လျဥ်း၍ ဖြေလျှော့ပေးခြင်းကို လုံးဝ(လုံးဝ) ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
