၁၁.၈.၂၀၂၅
Written by Hey Mar
အမျိုးသားတစ်ဦး ခုနစ်လွှာအမြင့်ကနေ ပြုတ်ကျပေမယ့် စိုးရိမ်ရလောက်အောင် ထိခိုက်ဒဏ်ရာတွေမရရှိခဲ့ဘဲ အသက်ရှင်လျက် ဆေးရုံတင်ပို့နိုင်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၇ နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းလမ်းရှိ ပန်းလှိုင်အိမ်ရာမှာ ဖြစ်ပွားခဲ့ပြီး ပြုတ်ကျသူက အသက် ၃၅ နှစ်ဝန်းကျင်ခန့် အမျိုးသားလို့ သိရပါတယ်။ ပြုတ်ကျတဲ့ အကြောင်းအရင်းကို သေချာမသိရှိရပေမယ့် ခုနစ်လွှာကို မြေပြင်အထိတိုက်ရိုက်ပြုတ်ကျတာမဟုတ်ဘဲ ဆန်းရှိတ်တွေပေါ်ကို အဆင့်ဆင့်ကျပြီးမှ မြေပြင်ပေါ်ကျတာကြောင့် ဆိုးရွားတဲ့ ထိခိုက်ဒဏ်ရာတွေ မရရှိခဲ့တာဖြစ်နိုင်ကြောင်းလည်း အဆိုပါပရဟိအသင်းက MT News ကို ပြောပါတယ်။
အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)က “ ပြုတ်ကျတဲ့ အရှိန်နဲ့ ဘယ်ဘက်မျက်နှာတစ်ခြမ်းထိတယ်။ ဆေးဘက်ဆိုင်ရာဆို ဦးခေါင်းထိတယ်ပဲ ဆိုရမှာပေါ့။ နောက်ပြီး ဘယ်ခြေထောက်ကျိုးတယ်။ ဒဏ်ရာအရမ်းမပြင်းဘူး။ ဆေးစစ်ချက်ထွက်လာရင်တော့ ဘယ်လိုလာမယ် မသိဘူးပေါ့။ အတွင်းပိုင်းမှာ ထိနိုင်တာတော့ ရှိမှာပေါ့။ ပြင်ပဒဏ်ရာ အရမ်းမပြင်းပါဘူး။ ဆေးရုံအမြန်တင်ပို့နိုင်ရေး ကူညီခဲ့ပါတယ်”လို့ ဆိုပါတယ်။
အဆိုပါလူနာကို အားမာန်လူငယ် ပရဟိတအသင်း(ရန်ကုန်)မှ ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
