
၈. ၈. ၂၀၂၅
Written by Tha Doe
ယမန်နေ့ ဩဂုတ် ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်အချိန်က အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားရှာပြီဖြစ်သည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ စျာပနကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံတော်စျာပနအဖြစ် ကျင်းပသွားမည်ဖြစ်သလို ကျန်ရစ်သူမိသားစုက စျာပနာအစီအစဥ်ကို ဩဂုတ် ၁၁ ရက်တွင် ပြုလုပ်မည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
ယာယီသမ္မတဦးမြင့်ဆွေ၏ စျာပနအစီအစဥ်အပေါ် ကျန်ရစ်သူ မိသားစုက “နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သမ္မတအိမ်တော်ဝင်း၊ အိမ်အမှတ်(B-2)နေ၊ (ဦးကြီးမောင်- ဒေါ်ကြည်)တို့၏သားကြီး၊ (ဦးယုဝေ)-ဒေါ်ကြင်တင့်တို့၏ သားသမက်၊ ဒေါ်ခင်သက်ဌေး၏ ချစ်လှစွာသောခင်ပွန်း၊ ဒေါ်ခင်သက်ထားဆွေ-ဦးတာရာမြင့်ဆွေ၊ ဦးကျော်ဘုန်းမြင့်-ဒေါ်ဖူးဖူးဖေတို့၏ မွေးသဖခင်၊ မောင်အဂ္ဂမင်းဂေါင်၊ မမြဉ္ဇူသက၊ မကြယ်စင်ဘုန်းမြင့်၊ မဖြူစင်ဘုန်းမြင့်တို့၏အဘိုး ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်(ကြာသပတေးနေ့)၊ နံနက် ၀၈:၂၈ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို ၁၁-၈-၂ဝ၂၅ ရက် (တနင်္လာနေ့) ၁၃:၃၀ နာရီတွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀ဝ) မှ တပ်မတော်စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။”ဟု ဖော်ပြထားသည်။
ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သည့်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်စျာပနကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသလို ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိကိုလည်း နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာထားသည်။
