◾️ ဓာတ်ဆီဈေးနှုန်းများ ထပ်မံကျဆင်းနေပြီး ဒီဇယ်ဈေးနှုန်း အနည်းငယ်မျှသာ မြင့်တက်မှုရှိ
၆. ၈. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းပေး၍ ယခုဘဏ္ဍာနှစ် လေးလကျော်တွင် ဒေါ်လာ ၄၈၇ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ငါးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၅၃ သန်းရှိ၍ ယခုထပ်မံထုတ်ရောင်းပေမည့် ဒေါ်လာသန်း ၃၀ အပါအဝင် ဘဏ္ဍာနှစ်လေးလကျော်တွင် စုစုပေါင်းဒေါ်လာ ၄၈၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်အတွင်း ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသော်လည်း နိုင်ငံခြားငွေ ဆက်တိုက်ထုတ်ရောင်းပေးနေသောကြောင့် ဓာတ်ဆီဈေးနှုန်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် တစ်လီတာ ၃၀ ကျပ် ကျဆင်းခဲ့သည့်အပြင် ဩဂုတ်လ ၁ ရက်တွင်လည်း တစ်လီတာ ၅၅ ကျပ် ထပ်မံကျဆင်းလာခဲ့သည်။
ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၈၈၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၉၃၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၇၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၃၆၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ဒီဇယ်ဈေးနှုန်းသည်လည်း ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် တစ်လီတာ ၃၀ ကျပ်မှ ၆၀ ကျပ်ကြားသာ မြင့်တက်မှုရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်တွင် တစ်လီတာ ၅ ကျပ်ဖြင့်သာ အနည်းငယ်မျှသာ မြင့်တက်မှုရှိခဲ့သည်။
