
၅.၈.၂၀၂၅
Written By Zun
ဘုရားဦးခေါင်းတော်အား မဖွယ်မရာအသုံးပြု၍ တရားစွဲခံရသည့် အောင်ကိုမိုးကို ဒက္ခိဏသီရိမြို့နယ်တရားရုံးက ယနေ့ သြဂုတ်လ ၅ ရက် ရုံးချိန်းတွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ သက်သေအဖြစ် ပါဝင်ခဲ့သော နေပြည်တော် အမျိုးသားရေးအဖွဲ့မှ ဆရာတော် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား စစ်ဆေးပြီးနောက် စွဲချက်တင်လိုက်ခြင်းလည်း ဖြစ်သည်။
“ပြီးခဲ့တဲ့ တစ်ပတ်ကတော့ သက်သေတွေ အားလုံး အပြီးသတ် စစ်ပြီးပြီ။ ဒါကြောင့် စွဲချက်တင် အမိန့်ချတာ။ တရားလိုကို ပြန်ခေါ်စစ်ဆေးတာလုပ်ဦးမယ်။ အောင်ကိုမိုးရဲ့ ရှေ့နေက တရားလိုတစ်ယောက်ကို ပြန်ခေါ် စစ်ဆေးပေးဖို့ တင်ပြခဲ့တာ။ တကယ်တော့ မလိုတော့ဘူး၊အောင်ကိုမိုးက အခုထိ ဝန်မခံဘူး။ သူ့မှာ အပြစ်မရှိဘူးလို့ ပြောနေတယ်။ ဆက်ပြီးစစ်ရမှာပေါ့။သြဂတ်လ ၁၉ ရက်နေ့ ရုံးချိန်းပါ” ဟု အမှုတွင် လိုက်ပါ ဆောင်ရွက်နေသူတစ်ဦးက MT News ကို ပြောသည်။
အောင်ကိုမိုးသည် ပြီးခဲ့သည့် အကယ်ဒမီပေးပွဲအတွင်း ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် သဘောသက်ရောက်စေခဲ့သော ဝတ်စားဆင်ယင်မှုဖြင့် ပွဲတက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဒက္ခိဏ သီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းလည်း ဖြစ်သည်။
အဆိုပါဝတ်စားဆင်ယင်းမှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိသည့်အပေါ် အောင်ကိုမိုးက သူ့အနေဖြင့် နန်းတွင်းခေတ်က အထိန်းတော် LGBT ပုံစံ ဖန်တီးထားခြင်းဖြစ်ကြောင်း၊ မျက်နှာဖုံးက အငြိမ့်ကသည့် မင်းသားပုံဖြစ်ကြောင်း မီဒီယာများကို ပြောပြထားသည်။ သူ၏ အကယ်ဒမီဖက်ရှင်မှာ အင်းဝခေတ် မင်းသားမင်းသမီးများ၏ ပုံကို ဖန်တီးထားခြင်း ဖြစ်ကြောင်း၊ အများက မြတ်စွာဘုရားပုံဟု ပြောဆိုဝေဖန်မှုကိုသံယောင်မလိုက်ဘဲ သေချာကြည့်စေချင်ကြောင်း၊ သူ့ကို ဝေဖန်သူများမှာလည်းလေ့လာမှု အားနည်းသူများဖြစ်ကြကြောင်း မီဒီယာအသီးသီးတွင် ဖော်ပြ ပြောဆိုထားသည်။
“ဘုရားရဲ့ ဦးခေါင်းနဲ့ တူတယ်ပြောကြတော့ အရမ်းလန့်သွားခဲ့တယ်ပေါ့နော်။ လေ့လာမှု အားနည်းကြတယ်လို့ပဲ ပြောရမှာပါ”ဟု ယင်းက မီဒီယာတစ်ခုတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လူတစ်စားတို့၏ ဘာသာ၊ သာသနာကိုဖြစ်စေ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထို လူတစ်စား၏ကိုးကွယ်ရာ ဘာသာရေးစိတ်ဓာတ်ကို နာကျဉ်းစေရန်ကြံရွယ်၍ မသမာ စိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများကို ကျူးလွန်ပါက (ပုဒ်မ၂၉၅-က) ကျင့်ထုံးအရ အာမခံပေး၍ မရ၊ ကျေအေး၍မရဟု ဖော်ပြထားပြီး ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ်၂ နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း သိရသည်။
