၅.၈.၂၀၂၅
Translated by Htwe Ko Tun
ဩစတြေးလျနိုင်ငံက ဂျပန်နိုင်ငံ မစ်ဆူဘီရှီအကြီးစားလုပ်ငန်းက ထုတ်လုပ်တဲ့ မိုဂါမီအမျိုးအစား ခေတ်မီ ဖရီးဂိတ်စစ်သင်္ဘော ၁၁ စီးကို ဂျပန်နိုင်ငံမှ မှာယူပြီး သူ့ရဲ့ရေတပ်ကိုအဆင့်မြှင့်သွားမယ်လို့ ဩစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ဩဂုတ်လ ၅ ရက်မှာ ပြောခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံက သူ့ရဲ့စစ်ဖက်ကို အဓိကပြန်လည်ဖွဲ့စည်းတည်ဆောက်မှုတစ်ရပ် လုပ်မယ်လို့ ၂၀၂၃ ခုနှစ်က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရေတပ်စွမ်းအားကို ယှဉ်နိုင်ဖို့ ခရီးဝေးချီတက်တိုက်ခိုက်နိုင်မှုစွမ်းရည်တွေကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်သွားမှာလို့ဆိုပါတယ်။ သူ့ရဲ့ရေတပ်က အဓိကစစ်သင်္ဘောတွေကိုလည်း နောက် ၁၀ နှစ်အတွင်းမှာ ၁၁ စီးကနေ ၂၆ စီးအထိ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားခဲ့တာပါ။
အမေရိကန်ဒေါ်လာ ခြောက်သန်းခန့်ရှိမယ့် ဒီ ဖရီးဂိတ်သင်္ဘောတွေဝယ်ယူမှုက ဂျပန်နဲ့ ဩစတြေးလျတို့အကြား အကြီးမားဆုံးသော စစ်ဖက်လုပ်ငန်းသဘောတူညီမှုတစ်ရပ်လည်းဖြစ်မှာပါ။ မစ်ဆူဘီရှီကုမ္ပဏီက ဂျာမနီနိုင်ငံရဲ့ ThyssenKrupp ပင်လယ်ရေကြောင်းသွားလာရေးစနစ်တွေအတွက် တင်ဒါခေါ်ယူခြင်းလည်း ခံခဲ့ရပါတယ်။
ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ဩစတြေးလျအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ရည်ရှိမယ့် သင်္ဘောလို့ယူဆပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဩစတြေးလျနဲ့ ဂျပန်က အလွန်နီးစပ်တဲ့ မဟာဗျူဟာမြောက် စည်းရုံးမှုလည်းရှိကြပါတယ်လို့ ဆိုခဲ့ပါတယ်။
မိုဂါမီ အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောတွေက ခေတ်မီကိုယ်ပျောက်ဖရီးဂိတ်စစ်သင်္ဘောတွေဖြစ်ပြီး ထိရောက်တဲ့ လက်နက်တွေလည်း တပ်ဆင်ထားတာပါ။ သူတို့ကို ဩစတြေးလျရေတပ်က သက်တမ်းကြာနေပြီဖြစ်တဲ့ Anzac အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောတွေနေရာမှာ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး အစားထိုးသွားမှာပါ။
ဩစတြေးလျနိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ပတ်ကွန်ရွိုင်ကလည်း “မိုဂါမီ ဖရီးဂိတ်တွေက တာဝေးပစ် တွမ်မာဟော့ခ် ခရုစ်ဒုံးကျည်တွေကို ပစ်လွှတ်နိုင်တယ်။ ဒီကိုယ်ပျောက်ဖရီးဂိတ် သင်္ဘောတွေကြောင့် ဩစတြေးလျရေတပ်က ပိုမိုအားကောင်းလာတော့မှာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
မိုဂါမီ ဖရီးဂိတ် စစ်သင်္ဘော ပထမဆုံးသုံးစီးကို ပြည်ပမှာတည်ဆောက်သွားမည်ဖြစ်ကာ ကျန်သင်္ဘောများကို ဩစတြေးလျနိုင်ငံအနောက်ပိုင်းရှိ သင်္ဘောကျင်းတို့မှာ တည်ဆောက်သွားဖို့မျှော်လင့်တယ်လို့လည်း ဝန်ကြီးပတ်ကွန်ရွိုင်က ပြောခဲ့ပါတယ်။
Ref- AFP
