
၅. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှ အထူးရဲတပ်ဖွဲ့သည် ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၁၅၄ ပါးနှင့် လူဝတ်လဲပြီးသူ ၂၇ ဦးကို လိုက်လံဖမ်းဆီးရန် အင်္ဂါနေ့နံနက်ပိုင်းက စစ်ဆင်ရေးတစ်ခု စတင်ခဲ့သည်။
ဗုဒ္ဓဘာသာအပေါ် ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရေးစင်တာဟု လူသိများသည့် ယင်းအဖွဲ့ကို မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ထိုင်းနိုင်ငံ၏ ထိပ်တန်းဘုန်းတော်ကြီးများ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုများကဲ့သို့သော အရှုပ်တော်ပုံများအပေါ် တုံ့ပြန်သည့်အနေဖြင့် CIB ကော်မရှင်နာ ရဲဗိုလ်ချုပ် ဂျီရာပေါ့ ဖူရီဒက်က ဦးဆောင်ဖွဲ့စည်းခဲ့သည်။
ယနေ့ အင်္ဂါနေ့နံနက်တွင် ဂျီရာပေါ့က ၎င်း၏ဒုတိယအကြီးအကဲဖြစ်သူ ရဲမှူးချုပ် ဂျာရွန်ကီယပ် ပါန်ကောကို လက်ရှိဘုန်းကြီး ၁၅၄ ပါးနှင့် လူဝတ်လဲပြီးသူ ၂၇ ဦးကို ရှာဖွေရန်အတွက် နိုင်ငံတစ်ဝန်းရှိ နေရာ ၂၀၀ သို့ အရာရှိများကို စေလွှတ်ရန် ညွှန်ကြားခဲ့သည်။
ဂျီရာပေါ့၏ ပြောကြားချက်အရ သံသယရှိသူများသည် ဘုန်းကြီးကျောင်းရန်ပုံငွေ အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု၊ အရက်မူးပြီး ကားမောင်းနှင်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်မှုများကဲ့သို့သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည်။

လူဝတ်လဲပြီးသူများသည်လည်း ဘုန်းကြီးဝတ်စဉ်ကာလအတွင်းက ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသည်။
CIB သတင်းရင်းမြစ်တစ်ခုကမူ ဖမ်းဆီးရမိသူ တစ်ဦးသာ ရှိသေးကြောင်း ပြောပြီး ၎င်းမှာ အသက် ၄၅ နှစ်အရွယ် ဖရာ့ ဆူရတ် (Phra Surat) ဖြစ်ကာ ပါထုံဌာနီခရိုင်၊ ကလွန်လောင်မြို့နယ်၊ ခလောင်ဟောက်ရပ်ကွက်ရှိ ဝပ်ဝမ်ဘွန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ ၎င်းအား နိုင်ငံတကာ မူးယစ်ဆေးဝါးကွန်ရက်အတွက် ငွေကြေးခဝါချမှုဖြင့် သံသယရှိခဲ့သည်။ အရာရှိများက ၎င်းကို ဘုန်းကြီးဝတ်မှ လူဝတ်လဲရန်အတွက် ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဆူရတ်ကမူ သူ၏ ဘဏ်အကောင့်ကို ဘုန်းကြီးကျောင်းသို့ ကုသိုလ်လာလုပ်သောသူတစ်ဦးက အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားကာ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ သတင်းထုတ်ပြန်ချိန်အထိ ကျန်ရှိနေသော သံသယရှိသူများကို ဖမ်းဆီးရန်အတွက် CIB အရာရှိများက အခြားနေရာများတွင် ဆက်လက်ရှာဖွေနေသည်။
Ref, Tha Nation
