
MT News
၃. ၈. ၂၀၂၅
ယမန်နေ့ကဖြစ်ပွားခဲ့သော ကုဋေကြွယ်လက်ဖက်ရည်ဆိုင် မီးလောင်မှုမှာ ဂက်စ်အိုးပွင့်ထွက်ရာမှ ဖြစ်ပွားခဲ့သည်ဟုသိရပြီး ဆိုင်ဝန်ထမ်းခုနစ်ဦး မီးဟပ်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ အတည်ပြုစစ်ဆေးချက်အရ သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ အမှတ်(၃)လမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ပိုင်ရှင် ဦးဇော်ကိုဦး၏ “ကုဋေကြွယ်” လက်ဖက်ရည်ဆိုင် ၅၀ x ၄၀ ပေ၊ Steel Structure နှစ်ထပ် အဆောက်အအုံတွင် မီးဖိုသုံး 50 KG ဂက်စ်အိုး ပိုက်ပြုတ်ထွက်ရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်း အမျိုးသား ခုနစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး၊ ၅၀ x ၄၀ ပေ၊ Steel Structure နှစ်ထပ် အဆောက်အအုံ၏ မျက်နှာကြက်နှင့် ဘေးနံရံ အကာ ကြိတ်သား အနည်းငယ်၊ မီးဖိုသုံးပစ္စည်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဇော်ကိုဦးအား ထောက်ကြန့်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
