
၃. ၈. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားသည့် ရှေးဘုရင်များ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့် တန်ဖိုးဖြတ်မရနိုင်သည့် အမွေအနှစ်များဖြစ်၍ အသေးစိတ်စနစ်တကျ လက်ဆင့်ကမ်းထိန်းသိမ်းသွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားမှုအား ကြည့်ရှု့စစ်ဆေးစဉ် ပြောကြားသည်။
ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိသည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များ အသုံးပြုခဲ့သည့် အသုံးဆောင်ပစ္စည်းများ ပြထားသထားမှု၊ သမိုင်း ကြောင်းအထောက်အထားများသည် ငွေကြေးဖြင့် တန်ဖိုးဖြတ်၍ မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်ကြောင်း၊ ထိုကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ပုံများ၊ ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်သွေးကောင်းမွန်မှုရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးမြန်မာမင်းတို့လက်ထက် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အနုသုခုမပညာရပ်များ၊ ဘုရင့်နန်းတော်ကြီးများ၏ ကြီးကျယ်ခမ်းနားစွာဖြင့် တည်ဆောက်ထားရှိမှုများနှင့် ဩဇာတိက္ကမကြီးမား ကျယ်ပြန့်ခဲ့မှုများကို ပုံပေါ်အောင်ခင်းကျင်းပြသ ထိန်းသိမ်းသွားရန်လိုကြောင်း၊အလားတူ ဟံသာဝတီမြိုတော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဟံသာဝတီမြိုဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ ကျုံးကိုလည်း တစ်ဆက်တစ်ဆက်တည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဟံသာဝတီမြိုဟောင်း မြိုရိုးတစ်လျှောက်တွင် ရှေးယခင်ကတည်းက ရှိပြီးဖြစ်သည့် ရှေးဟောင်းကျုံးနေရာများအား ပြန်လည်တူးဖော်ထိန်းသိမ်းသွားရန်လိုကြောင်း၊ သိန္နီတံခါးရှိ တံတားကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ရှေးမူလက်ရာများအတိုင်း ပြန်လည်ပြုပြင် တည် ဆောက်သွားရန်လိုကြောင်း၊ ကျုံးဘေးဝန်းကျင်၌ ပြည်သူများ အေးချမ်းစွာဖြင့် အနားယူအပန်းဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေး ဆောင်ရွက်နိုင်သည့် နေရာများကို ဆောင်ရွက်ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေး၌ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါးငါးပေါက်ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းတော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး “ကမ္ဘောဇသာဒီ” ဟု ခေါ်တွင်စေခဲ့ကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၉၄၃ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ပျက်စီးခဲ့ရကာ “ကမ္ဘောဇ သာဒီ” နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထိုနောက် နှစ်ပေါင်း ၄၀၀ ကျော် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇသာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ နေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားသည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့် စနုဆောင်တိုကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့် ညှိနှိုင်း၍ ပုံစံတူ ပြန်လည်တည်ဆောက်ခဲ့ကြောင်း သိရသည်။
