၂.၈.၂၀၂၅
Written By Zun
မိုးကုတ်မြို့ အနောက်ပိုင်းရှိ နယ်မြေအကြမ်းဖက်လုယက် အုပ်စီးထားသည့် TNLA ၏ ရုံးကို တပ်မတော်က လေကြောင်းဖြင့် ယနေ့ သြဂုတ်လ ၂ ရက် နံနက်က ရှင်းလင်းခဲ့ရာ အနည်းဆုံး လူ ၇ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
“ဦးရွှေမောင်းရဲ့ မင်းကြိုက်လက်ဖက်ရည်ဆိုင်နားက နေရာကို ချတာ။ သေကြတယ်။ ၇ ယောက်လောက်တော့ ရှိတယ်လို့ ပြောတယ်။ မနက် ၈ နာရီခွဲလောက်က ချတာ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ ရှင်းလင်းမှုကြောင့် နေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို ရှင်းလင်းခဲ့သောကြောင့် ၂ ဦး သေဆုံးခဲ့ကာ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၃၀ ရက် နံနက် အစောပိုင်းကလည်း TNLA ရုံးစိုက်ထားသည့် ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ် ဟိုတယ် (၂) ကို ဗုံးကြဲရှင်းလင်းခဲ့သေးသည်။
တပ်မတော်အနေဖြင့် နယ်မြေလုယက်သူ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ သပိတ်ကျင်း၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်မြို့ နယ်တို့အတွင်း လေကြောင်း ရှင်းလင်းခြင်းနှင့် ပြန်လည်ထိန်းချုပ်ခြင်းများပြုလုပ်လျက်ရှိကာ အဆိုပါမြို့များထဲမှ နောင်ချိုနှင့် သပိတ်ကျင်းကို ယခင်လအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။



