၂.၈.၂၀၂၅
Written by Hey Mar
YBS ယာဉ်ရဲ့နောက်ပိုင်းကို စက်ရုံကြိုပို့ယာဉ်က ဝင်တိုက်မိလို့ ကားခေါင်းခန်းမှာ စီးနင်းလိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ညပ်နေပြီး ထိခိုက်ဒဏ်ရာတချို့ ရရှိခဲ့ကာ မီးသတ်တပ်ဖွဲ့က အထောက်အကူကိရိယာတွေအသုံးပြု ကူညီကယ်ထုတ်ခဲ့ရတဲ့ ဖြစ်စဉ် ဩဂုတ် ၁ ရက်နေ့ ည ၈ နာရီကျော်အချိန်က လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ အမှတ်(၅)လမ်း၊ အောင်ဇေယျအိမ်ရာအနီးမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဒေသအခြေပြု ပရဟိတအသင်းတွေကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
မြေပြင်မှာကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းလူငယ်က “ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်က ခြေထောက် ညပ်နေတာ။ အထိအခိုက်နည်းအောင် သေချာကူညီရတော့ နာရီဝက်နီးပါးလောက် မီးသတ်တပ်ဖွဲ့ဝင်တွေ ဖြတ်တောက် ထုတ်ရတာပေါ့။ လိုက်ထရက် အမျိုးအစားယာဉ်ပါ။ နောက်မှာလည်း လူ ၁၅ ယောက်လောက်တော့ ပါတယ်။ ထိခိုက်ဒဏ်ရာက ပွန်းပဲ့ နာကျင်လောက်ပဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း အန္တရာယ်ကင်းပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီး (မစိုးရိမ်ရ) ကို လှိုင်သာယာအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်နဲ့ လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



