◾️ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အစိုးရအဖွဲ့အားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် မှာကြား

၁. ၈. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ ယနေ့ ပြုလုပ်သည့် ပထမဆုံးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။
ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများ အားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲမပေးနိုင်သူများအား ကြိုတင်မဲများပေးနိုင်ရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန် လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတော်အတွက် လက်ရှိအချိန်တွင် ဆောင်ရွက်ရန်လိုအပ်သည်များကို မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
