
၁.၈.၂၀၂၅
Written By Zun
မန္တလေးမြို့က ရွှေနန်းသုခရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်သူများထဲမှ ၂ ဦး ဖမ်းမိထားပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် ညနေ ၄ နာရီအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက် ရပ်ကွက်၊ ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းကြားရှိ ရွှေနန်းသုခ အာမခံ စိန်၊ ရွှေ ရတနာဆိုင်တွင် ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦးမှ ဆိုင်ဖွင့်လှစ်ရောင်းချနေစဉ် လူ ၆ ဦးပါသော Honda Fit မော်တော်ယာဉ် အဖြူရောင်တစ်စီး ရောက်ရှိလာပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ကားပေါ်ကဆင်းလာခဲ့ကြကာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ကားပေါ်ပါသူများထဲမှ ဓားပြခေါင်းဆောင်အောင်ခိုင်မင်း(ခ)မြင့်မြတ်မော်နှင့် အောင်ကျော်သူတို့နှစ်ဦးကို ပြစ်မှုကျုးလွန်ချိန်အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်(၁)လက်၊ ခဲယမ်းစိစစ်ဆဲ၊ ရွှေထည်ပစ္စည်းများ (စိစစ်ဆဲ)တို့နှင့်အတူ ကနဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ရွာတွင် အဆိုပါ ဓားပြတိုက်သူများ ရောက်ရှိနေကြောင်း သတင်းအရ ယမန်နေ့ ဇူလိုင် ၃၁ ရက်၊ ည ၉ နာရီအချိန် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ရာမှ ယင်းတို့ကို ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။
၎င်းဓားပြများက ကျွဲနားထောက်ကျေးရွာအုပ်စု၊ တိုးကြီးကုန်း ကျေးရွာ၊ ဦးမင်းနိုင်ဦးနှင့် ဒေါ်ညိုညိုမင်းတို့ ဇနီးမောင်နှံနေအိမ်သို့ ရောက်ရှိပုန်းခိုနေစဉ် လုံခြုံရေးအဖွဲ့များက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။
“အခုကတော့ ဖမ်းမိသူတွေကို စစ်နေတယ်။ နောက်လူတွေလည်း ပါတယ်။ အဲဒီလူတွေကို ဖမ်းမိဖို့လည်း လုပ်ရမယ်။ ဒီကြားကာလမှာတော့ စစ်ဆေးခဲ့ရသူတွေ ရှိခဲ့ပါတယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။
သေနတ်ပစ်ဖောက် ဓားပြတိုက်ရာတွင် အသုံးပြုသည့် Honda Fit ကားကို ပုသိမ်ကြီးမြို့နယ်အတွင်း တွေ့ရှိခဲ့ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။အဆိုပါ ရွှေနန်းသုခရွှေဆိုင် ပစ်ခတ်လုယက်မှုဖြစ်စဉ်အတွင်း ဆိုင်ဝန်ထမ်း ဦးမျိုးညွန့်နှင့် ကိုဇော်လင်းနိုင်တို့ ၂ ဦးတွင် ဒဏ်ရာများ ရရှိခဲ့ကြသည်။
