၃၁. ၇. ၂၀၂၅
Written by Nyein Kyaw
ယခုလာမည့် ခြောက်လတာကာလသည် ရွေးကောက်ပွဲ အပြီးသတ်ပြင်ဆင်ပြီး ရွေးကောက်ပွဲ ကျင်းပပေးရမည့်ကာလဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဖိတ်ကြားထားသူများနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးချုပ်အနေနဲ့ ထုတ်နုတ်တင်ပြချက်များအနေနဲ့ကတော့ ယခုလာမယ့်ခြောက်လတာကာလ ရွေးကောက်ပွဲအပြီးသတ်ပြင်ဆင်ပြီး ရွေးကောက်ပွဲကျင်းပပေးရမယ့်ကာလဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း၊ ပြည်သူ့လုံခြုံရေးစနစ်ပြဋ္ဌာန်းခဲ့ခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြောင်းနှင့် နောင်လာမည့် အစိုးရများအတွက် တာဝန်နှင့်လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်းနှင့် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီးလည်း အစီရင်ခံခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“နိုင်ငံ့စီးပွားရေးနဲ့ ပတ်သက်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ GDP အနေနဲ့ ကျပ် ၁၀၈,၂၀၅ ဒသမ ၇၂ ဘီလျံကနေ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ကျပ်ဘီလျံ ၁၆၀,၆၅၄ ဒသမ ၈၂ ဘီလျံ GDP တိုးတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေ၊ အစိုးရရဲ့ လုပ်ဆောင်ချက်များ ပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့နောက် “ပါတီများအနေနဲ့ မကြာမီမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် ပါတီလုပ်ငန်းစဉ်တွေ ချမှတ်ပြ မဲဆွယ်စည်းရုံးနိုင်ရေး ပြင်ဆင်ဖို့ ဆောင်ရွက်နေတဲ့ဟာတွေ ပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportional)ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
