




၂၉.၇.၂၀၂၅
Written By Thandar
ပိုးပိုး ရုပ်ရှင်ထုတ်လုပ်ရေးက မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “ဂုဏ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက အမေတွေအားလုံးအတွက် ရည်ညွှန်းပြီးတော့ ရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းလေးပါ။ အမေတွေက ကိုယ့်သားသမီးတွေအတွက်ဆိုရင် မေတ္တာဘယ်လိုပေးအပ်ထားတယ်ဆိုတာတွေ မြင်တွေ့ရမှာပါ။ ရုပ်ရှင်အမေများအဖွဲ့အတွက် ပိုးပိုးရုပ်ရှင်ထုတ်လုပ်ရေးက စိုက်ထုတ်ပြီး ရိုက်တဲ့ကားပါ။ ရုံတင်ရင် ရလာတဲ့အမြတ်ငွေ အားလုံးကို ရန်ပုံငွေတည်ထောင်ပေးသွားဖို့အတွက်ပါ။ မင်းသမီးခုနစ်လက် ဖြိုးငွေစိုးနဲ့ ဒါရိုက်တာကျော်ဇောလင်း ဂုဏ်ပြုရိုက်ကူးပေးထားတဲ့ မေတ္တာနဲ့ရိုက်ကူးပေးထားတဲ့ ဂုဏ်ဇာတ်ကားပါ” လို့ အကယ်ဒမီ နွဲ့နွဲ့စန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဇာတ်ညွှန်း ကိုကျော်က ရေးသားပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ ခိုင်နှင်းဝေ၊ အကယ်ဒမီ အေးမြတ်သူ၊ ဝိုင်းစုခိုင်သိန်း၊ နော်ဖောအယ်ထား၊ ဝေလာရီ၊ ယမုံမြင့်မြတ်၊ ယွန်းရွှေရည်၊ ဧည့်သည်သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ အနုပညာရှင်ပေါင်းများစွာ အထူးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ဂုဏ်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင်ပြသမှာဖြစ်ပါတယ်။
