၂၈. ၇. ၂၀၂၅
Translated by Thettant ၊ Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဈေးတစ်ခုတွင် ယနေ့နေ့လယ်ပိုင်းက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်ရှိ နာမည်ကျော်ကုန်စိမ်းဈေးတစ်ခုတွင် ဒေသစံတော်ချိန် တနင်္လာနေ့ နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဒေသတွင်း မီဒီယာများအဆိုအရ ပစ်ခတ်မှုသည် ဘန်ကောက်မြို့ ချာတူးချက်ခ်ခရိုင်ရှိ ခရီးသွားများအတွက် ရေပန်းစားသော အော်တိုကောဈေးတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်လျက်ရှိသည်။
ကျူးလွန်သူမှာ အသက် ၆၁ နှစ်အရွယ် မစ္စတာနွိုင် (Mr. Noi) ဟုသာ သိရသော အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာမှ ရိုက်ကူးထားသော ထိတ်လန့်ဖွယ် ဗီဒီယိုဖိုင်တွင် နွိုင်သည် အနက်ရောင် တီရှပ်နှင့် ခရင်မ်ရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ကင်မိုဖလက်ခ် ပုံစံကျောပိုးအိတ်ကို ရှေ့တွင် လွယ်ထားသည်ကို တွေ့ရသည်။ ညာလက်တွင် သေနတ်ကို ကိုင်ဆောင်ထားသော ထိုအမျိုးသားသည် လူစည်ကားသော ဈေးသို့ လမ်းလျှောက်ဝင်ရောက်လာသည်ကို တွေ့ရသည်။
ဈေးအတွင်းမှ ရိုက်ကူးထားသော သီးခြားဗီဒီယိုဖိုင်တွင် နွိုင်က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေချိန်တွင် ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးနေကြသော ဈေးဝယ်သူများကို ပြသထားသည်။ တိုက်ခိုက်မှုအပြီးတွင် နွိုင်သည် အနီးအနားရှိ ခုံတန်းလျားပေါ်တွင် မိမိကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခမှ ထိခိုက်ခံရသူများအတွက် အကူအညီများ စုဆောင်းသည့် နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ လက်ရှိအချိန်အထိတော့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခုပါပဲ” ဟု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့ Bang Sue ခရိုင် ဒုတိယရဲမှူးချုပ် Worapat Sukthai က ပြောသည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားတို့ လက်ရှိဖြစ်ပွားနေသော နယ်စပ်ပဋိပက္ခနှင့် ဖြစ်နိုင်ခြေရှိသော ဆက်စပ်မှုများကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
သေနတ်သမားကြောင့် သေဆုံးခဲ့သူ ငါးဦးမှာ အော်တိုကောဈေးရှိ လုံခြုံရေးဝန်ထမ်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော ထိုင်းနိုင်ငံတွင် အဓိကစီးပွားရေးမောင်းနှင်အားဖြစ်ပြီး တိုးတက်မှု နှေးကွေးနေသည့်အတွက် ယခုကဲ့သို့ ဖြစ်ရပ်များသည် စီးပွားရေးအပေါ် အပျက်သဘောသက်ရောက်နိုင်သည်။
ထိုင်းနိုင်ငံတွင် သေနတ်ထိန်းချုပ်မှု ဥပဒေများ အားနည်းသောကြောင့် သေနတ်များကို အလွယ်တကူ ရရှိနိုင်ပြီး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံကုန်တိုက်တစ်ခုတွင် အသက် ၁၄ နှစ်အရွယ် သံသယရှိသူတစ်ဦးသည် လုပ်သေနတ်ဖြင့် လူနှစ်ဦးကို သတ်ဖြတ်ပြီး ငါးဦးကို ဒဏ်ရာရစေခဲ့သည်။ ထိုနှစ်အစောပိုင်းကလည်း ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ မူကြိုကျောင်းတစ်ကျောင်းတွင် ရဲအရာရှိဟောင်းတစ်ဦးသည် သေနတ်နှင့် ဓားဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂၂ ဦးအပါအဝင် ၃၆ ဦး သေဆုံးခဲ့သည်။
Ref, Mail online





