၂၆. ၇. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့် MSME လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးရာတွင် စိန်ခေါ်မှုမှာ မူလချေးငွေများကို အချိုးကျပြန်ဆပ်ထားမှု၊ ပြန်မဆပ်နိုင်သေးမှုအပြင် နေရာစုံမှ ငွေကြေးချေးငှားမှုများရှိနေမှုများကို စစ်ဆေးနေရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၅)တွင် ပြောကြားသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတို့မှ MSME လုပ်ငန်းများ၊ MSME နှင့် ဆက်စပ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ သီးခြားပုဂ္ဂလိက စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပျက်စီးမှုအမျိုးအစား တစ်ခုချင်းအလိုက် အသေးစိတ်စာရင်းပြုစု၍ နိုင်ငံတော်အကြီး အကဲထံတင်ပြရာ ချက်ခြင်းချေးငွေထုတ်ပေးရန် သဘောတူခဲ့ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ ချေးငွေထုတ်ပေးရာတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမအပိုင်းအနေဖြင့် MSME ချေးငွေအဖြစ် ငွေကျပ်ဘီလျံ ၁၅၀ ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေတို့မှ ငွေကျပ်ဘီလျံ ၅၀၀ အပါအဝင် ဗဟိုဘဏ်မှ ၂၀၀ ဘီလျံတို့ပါဝင်သည့် မြေငလျင်ပြန်လည်ထူထောင်ရေး ရန်ပုံငွေတို့ဖြစ်ပြီး SOP ရေးဆွဲလျက်ရှိကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ငလျင်ဘေးကြောင့် ပျက်စီးသွားခဲ့သည့် MSME လုပ်ငန်းများ၏ စိန်ခေါ်မှုမှာ ချေးငွေနှင့် ပတ်သက်၍ မူလချေးငွေများကို အချို့က အချိုးကျပြန်ဆပ်သည်များရှိပြီး အချို့က ပြန်မဆပ်နိုင်သည်များရှိသည့်အပြင် အချို့လုပ်ငန်းရှင်များက နေရာစုံမှ ငွေကြေးချေးငှားမှုများ ရှိနေမှုအပေါ် စိစစ်ရသည်များလည်းရှိကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းရှင်များအနေဖြင့် အရင်းအနှီးပြန်လည် ထူထောင်ရေးကိစ္စတွင် အခက်အခဲများရှိပါက အေဂျင်စီများမှတစ်ဆင့် လုပ်ငန်းကော်မတီသို့ တင်ပြစေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့် မိမိလုပ်ငန်းနှင့် ဒေသမှထွက်သည့် ကုန်ကြမ်းကို အခြေခံပြီး တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်း သုံးစွဲမှုမှတစ်ဆင့် ပြည်ပသို့ အရည်အသွေးမြင့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်သည်အထိ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။


