၂၆ .၇. ၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် ရန်ကုန်-ဒလ ကူးတို့သမ္ဗာန်တစ်စီး ရန်ကုန်မြစ်လယ်ခေါင်မှာ နစ်မြုပ်ခဲ့တဲ့ဖြစ်စဉ်အတွင်း သမ္ဗာန်ရေယာဉ်မောင်းအပါ လိုက်ပါလာသူ (၁၀)ဦး အနက် အမျိုးသားသုံးဦး ပျောက်ဆုံးခဲ့ရာ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မနေ့က ဇူလိုင်လ၂၅ ရက် ည ၁၀ နာရီဝန်းကျင်က ပြန်လည်တွေ့ရှိ ဆယ်ယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း MZK လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်အတွင်း ၇ ဦးကို အသက်ရှင်လျက် တွေ့ရှိဆယ်ယူနိုင်ခဲ့ပေမယ့် သမ္ဗာန်ရေယာဉ်မောင်း ဦးမြင့်ဆွေနဲ့ ခရီးသည်အမျိုးသားနှစ်ဦးတို့ မျောပါပျောက်ဆုံးခဲ့ကြတာပါ။
MZK လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တွေ့တာက ဒလဘက်ခြမ်းမှာပဲ သွားပေါ်နေတာ။ ရက်ကုန်မြစ်ထဲ ဝေးဝေးမရောက်ဘဲ သုံးရက်မပြည့်ခင် ပေါ်တဲ့သူတွေပေါ့။ ကျားနှစ်လောင်းပဲ တွေ့သေးတယ်။ တစ်ဦးက ပျောက်နေတုန်းပဲ။ ဒလဘက်ကနေ ရန်ကုန်ဘက်ခြမ်းကို သယ်လာပြီး ဆေးရုံကြီး ရင်ခွဲရုံဆီ မိတ်ဘက်အသင်းတွေကပို့ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
ရန်ကုန်- ဒလ မြစ်ကူးသင်္ဘောအဖြစ် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးက နှစ်ထပ်သင်္ဘောကြီးတွေနဲ့ ပြေးဆွဲပေးနေပေမယ့် တချို့ ပန်းဆိုးတန်းဆိပ်ကမ်းနဲ့ လှမ်းတဲ့ ဒလဘက်က ရပ်ကွက်တချို့က သမ္ဗာန်ကိုအားထား စီးနင်းကြတာပါ။ အဆိုပါ သမ္ဗာန်တွေမှာ သက်ကယ်အင်္ကျီ၊ သက်ကယ်ဘောကွင်း လုံလောက်စွာ ထားရှိဖို့နဲ့ ဝတ်ဆင်ဖို့ စည်းကမ်းထုတ်ပြန် သတ်မှတ်ပေမယ့်လည်း တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်းက ၁၅ မိနစ် ခရီးစဉ်မို့ အတိအကျ လိုက်နာသူ ရေယာဉ်မောင်းရော ခရီးသည်ပါ မရှိကြဘူးလို့လည်း ဗိုလ်တထောင် ဆိပ်ကမ်းမှာ အခြေပြုတဲ့ လင်းလက်လူမှုကူညီရေး အသင်းတာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ တာဝန်ရှိသူက “အကယ်၍ သက်ကယ်အင်္ကျီသာ ဝတ်ထားရင် ရေပေါ် ပေါ်နေနိုင်တော့ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများတာပေါ့။ အခုက သုံးလည်းမသုံးကြဘူး။ စည်းကမ်းထုတ်ထားလို့ လှေမှာ ချိတ်ထားကြတာ သုံးမရတော့ဘူး။ ကြိုးတွေဆွေးပြီး နံစော်ညစ်ပတ်နေပြီ”လို့ နေ့စဉ် မြစ်ဆိပ်မှာ မြင်တွေ့နေရတဲ့ အခြေအနေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန် ကြည့်မြင်တိုင် ပြေးဆွဲတဲ့ ကူးတို့သမ္ဗာန်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လိုက်ပါလာသူ ၁၇ အနက် ၈ဦးသာ ဆယ်ယူရရှိခဲ့ပြီး ၉ ဦးပျောက်ဆုံး သေဆုံးခဲ့ကာ အဲ့သည့်ဖြစ်စဉ်အတွင်း သေဆုံးသူ ၄ ဦးက ရန်ကုန်ဘက်အခြမ်းကို ကျောင်းလာတက်တဲ့ ကျောင်းသား လူငယ်တွေဖြစ်ပါတယ်။

