၂၅. ၇. ၂၀၂၅
Written by Hey Mar
မိုးရေထဲ ချော်လဲပြီး ဇက်ကျိုးခဲ့တာကြောင့် အသက်ရှင်သန်ရေးအတွက် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အမျိုးသမီးငယ်တစ်ဦး ငွေကြေးအခက်အခဲကြောင့် ရန်ကုန်ဆေးရုံကြီးဆီ လာရောက်ကုသမှု ခံယူနိုင်ဖို့ ကြန့်ကြာနေရတယ်လို့ မြေပြင်မှာ အဆိုပါ အမျိုးသမီးငယ်ကို အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းမှ တာဝန်ရှိသူက ဆိုပါတယ်။
ဖြစ်စဉ် ဖြစ်ပွားတာက ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်၊ ဂျမ်းတိုက်ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ငါးရှာ၊ ဖားရှာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေမို့ အခုလို ဖြစ်ရပ်ကြုံရတဲ့အခါ ကုသဖို့ ငွေကြေးလည်း မပြည့်စုံကြဘူးလို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးငယ်ကို ကူညီပေးနေတဲ့ ပရဟိတအကျိုးဆောင် ကိုအောင်ကိုကိုက “ဖြစ်တာက မနေ့က (ဇူလိုင် ၂၄) ရက်နေ့ မနက်ပိုင်းက ဖြစ်တာ။ သူတို့ရွာက မြစ်ဘေးဆိုတော့ ရေဝင်နေပြီ။ မိုးကလည်း ရွာနေချိန် လမ်းတွေချော်တော့ ချော်လဲတာမှာ နောက်စေ့နဲ့ ပစ်လဲကျတာ။ ခေါင်းက သိပ်မထိဘဲ လည်ပင်းအဆစ် အကုန်နီးပါး ကျိုးသွားလို့ အခု အသက်ရှုတာ ဗိုက်ကနေ ရှုနေရတယ်” လို့ MT News ကို ရှင်းပြပါတယ်။
အမျိုးသမီးငယ်က အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး လူမမယ် ကလေးနှစ်ဦး မိခင်လည်းဖြစ်ကာ သူဖြစ်သွားတဲ့ ဝေဒနာက အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်လို့ ဟင်္သာတဆေးရုံကြီးက မနေ့က ဇူလိုင် ၂၄ ရက်နေ့ ကတည်းက ရန်ကုန်ဆေးရုံဆီ အရေးပေါ် လွှဲပေမယ့် ငွေကြေးအဆင်မပြေတာကြောင့် အကူအညီရှာရင်း အခု ဇူလိုင်လ၂၅ မနက် ၁၁ နာရီကျော်အထိ သွားရောက်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
“မကုရင်က နာတာရှည် ဝေဒနာသည် ဖြစ်သွားမယ်ပေါ့။ ပါးစပ်လှုပ်ပြီး စားနိုင်တာလေးကလွဲရင် တစ်ကိုယ်လုံး လှုပ်မရ ဖြစ်သွားမယ်။ ခွဲစိတ်ကုသရင်တော့လည်း အခြေအနေက ငါးဆယ် – ငါးဆယ် ဖြစ်နိုင်ခြေဆိုတော့ အကူအညီပေးဖို့ ဝိုင်းဝန်းကြိုးစားနေကြတာပါလို့” တစ်ကိုယ်တော် ပရဟိတသမားဖြစ်သူ ကိုအောင်ကိုကိုက ဇလွန်မြို့ သွေးအလှူရှင်များအသင်းနဲ့ လက်ရှိ ချိတ်ဆက်ကူညီနေမှုအခြေအနေကို ပြောပြပါတယ်။
ဆက်သွယ် လှူဒါန်းချင်ပါကလည်း Kpay- 09448066992 Myo Win Kyaw ဇလွန်မြို့နယ်သွေးနှင့်သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့နဲ့ 09761154165 Aumgkokotun တစ်ကိုယ်တော်ပရဟိတ တို့ထံ ဆက်သွယ်လှူဒါန်း ကူညီနိုင်ပါတယ်။
