၂၅.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနဲ့ကမ္ဘောဒီးယားတို့က နှစ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှုတွေကနေ အခြေခံဖြစ်လာခဲ့တဲ့ တိုက်ခိုက်မှုတွေရဲ့ ဒုတိယမြောက်နေ့အဖြစ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ နှစ်နိုင်ငံအကြား အဆိုးဝါးဆုံးတိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ ဒေသအတွင်း နှစ်နိုင်ငံအကြား တိုက်ခိုက်မှုတွေရပ်ဖို့ တောင်းဆိုနေခဲ့ကြပေမယ့် ဒုတိယနေ့မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတာက ဇူလိုင်လ ၂၅ ရက် နံနက်အထိ ထိုင်းဘက်က အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ရပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အမှတ် (၂) စစ်ဒေသတိုင်းက ဇူလိုင်၂၅ ရက်နံနက် အရုဏ်တက်အချိန်မတိုင်ခင်မှာဘဲ ထိုင်းနိုင်ငံရဲ့ ယူဘုန်ရတ်ချတာနီနဲ့ ဆူရင်ပြည်နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးတွေနဲ့ ရုရှားလုပ် BM-21 ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာ အာဏာပိုင်တွေက ပဋိပက္ခဖြစ်နေတဲ့နေရာတွေက ပြည်သူတစ်သိန်းကျော် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကြေညာချက်ကဖော်ပြခဲ့ပါတယ်။
ထိုင်းဘုရင့်တပ်မတော်ရဲ့ကြေညာချက်မှာလည်း ကမ္ဘောဒီးယားစစ်တပ်က ဘက်စုံသုံးလက်နက်ကြီးတွေ၊ စစ်မြေပြင်သုံးလက်နက်ကြီးတွေနဲ့ BM-21 ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ထိုင်းတပ်ဖွဲ့တွေကလည်း နည်းဗျူဟာအခြေအနေအရ သင့်တော်တဲ့ ပစ်ခတ်မှုတွေကို ပြန်လည်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၄ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် နှစ်ဖက်စလုံးကတော့ အပြန်အလှန်စွပ်စွဲပြောကြားမှုတွေ ပြုနေကြတာပါ။ ဆူရင်ပြည်နယ်အတွင်းမှာဆို ဇူလိုင်လ ၂၅ ရက်နံနက်မှာ ပေါက်ကွဲသံတွေကို ကြားနေရတယ်လို့ သတင်း ထောက်တွေက ဆိုပါတယ်။ ပြည်နယ်အတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေကို လမ်းတွေတစ်လျှောက်နဲ့ စိုက်ပျိုးမြေတွေအတွင်း ဓာတ်ငွေ့စခန်းတွေမှာပါ လက်နက်ကြီးတွေနဲ့ တွေ့နေရပါတယ်။
နယ်စပ်ကိုဦးတည်လို့ ထိုင်းစစ်တပ် ထရပ်ကားတွေ၊ သံချပ်ကာကားတွေနဲ့ တင့်ကားတွေ ချီတက်မောင်းနှင်နေကြတာကိုလည်း တွေ့ရပါတယ်။
ထိုင်းနိုင်ငံဘက်မှာ တိုက်ခိုက်မှုတွေအတွင်း သေဆုံးမှုက ဇူလိုင် ၂၄ ရက် ညပိုင်းအထိ ၁၄ ဦးရှိခဲ့တာမှာ အရပ်သား ၁၃ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူကတော့ ၄၆ ဦးရှိခဲ့ပြီး ၁၄ ဦးက စစ်သားတွေလို့လည်းသိရပါတယ်။
ကမ္ဘောဒီးယားကတော့ စစ်ပွဲမှာထိခိုက်သေဆုံးသူတွေစာရင်း ဒါမှမဟုတ် တိုက်ပွဲကြောင့် ရွှေ့ပြောင်းပေးရတဲ့ အရပ်သားတွေစာရင်းကို အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။ ကမ္ဘောဒီးယားရဲ့ အော့ဒါမင်ချေးပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ မိသားစု ၁,၅၀၀ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းဘက်ကသူ့ရဲ့ F-16 ဂျက်တိုက်လေယာဉ်ခြောက်စီးကိုလည်း ဒေသအတွင်း ရှားရှားပါးတပ်ချအသင့် ပြင်ထားတယ်လို့ သိရပါတယ်။
Ref- Bangkok Post



