၂၅. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေ၊ မြန်မာအစိုးရနှင့် CIDCA တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍများ၌ ဦးစားပေးအကောင်အထည်ဖော်လိုသည့် စီမံကိန်းများအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှုအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ CIDCA မှ တာဝန်ရှိသူများနှင့် တရုတ်သံရုံးမှသံတမန်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် CIDCA ဥက္ကဋ္ဌတို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် CIDCA ဥက္ကဋ္ဌတို့က တရုတ်-မြန်မာချစ်ကြည်ရေး အဆင့်မြင့်အထူးကုဆေးရုံကြီးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာသုံးသပ်မှုအတွက် စာလွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
