၂၄.၇.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသအခြေစိုက် Angara လေကြောင်းလိုင်းမှ An-24 ခရီးသည်တင်လေယာဉ်တစ်စီးဟာ လေယာဉ်ဆင်းသက်မယ့် ရုရှားနိုင်ငံအရှေ့ပိုင်း၊ အမာ(Amur)ဒေသအတွင်းရှိ တင်ဒါမြို့ (Tynda) လေဆိပ်ကို ချဉ်းကပ်လာနေတုံးမှာ ရေဒါမြင်ကွင်းက ပျောက်ကွယ်ပြီး ပျက်ကျသွားခဲ့မှု ဒီနေ့ ဇူလိုင် ၂၄ ရက် မှာ ဖြစ်ခဲ့ရတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်း ခြောက်ဦးအပါအဝင် လူ ၄၉ ဦးလိုက်ပါလာတယ်လို့လည်း သိရပါတယ်။ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးဖွယ်ရှိတယ်လို့ စိုးရိမ်နေရတယ်လို့လည်း Tass သတင်းဌာနက ဆိုပါတယ်။
လေယာဉ်က တရုတ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ အမာဒေသအတွင်းက တင်ဒါမြို့အနီး ရောက်ရှိတော့မယ့်အချိန်မှာ ခုလို ရေဒါမြင်ကွင်းက ပျောက်သွားရတာလို့လည်း သိရပါတယ်။
ဒေသအုပ်ချုပ်ရေးမှူး ဗာဆီလီ အောလော့ဗ်က ခရီးသည် ၄၃ ဦးမှာကလေးငါးဦးပါဝင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနကတော့ လေယာဉ်ပျက်အပိုင်းအစတွေကို MI-8 ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးနဲ့ ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။ ထပ်မံရရှိတဲ့သတင်းတွေအရ ရဟတ်ယာဉ်က ပျက်ကျနေတဲ့ လေယာဉ်ရဲ့ မီးလောင်နေတဲ့ကိုယ်ထည်ကို တင်ဒါမြို့မှ ၁၆ ကီလိုမီတာအကွာ တောင်စောင်းတစ်ခုမှာတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
လေယာဉ်ဟာ ကွင်းသို့ ဆင်းသက်ဖို့ကြိုးစားတုံးမှာ မြင်ကွင်းမကြည်လင်မှုကြောင့် အမှားအယွင်းတစ်ခုခုဖြစ်ကာပျက်ကျခဲ့တာဖြစ်နိုင်တယ်လို့ Tass သတင်းဌာနကပြောခဲ့ပါတယ်။
အန်တိုနော့ဗ် An-24 ခရီးသည်တင်လေယာဉ်တွေကို ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး ခရီးသည်ရော ကုန်ပါ ပို့ဆောင်ဖို့ ရုရှားနိုင်ငံမှာ ကျယ်ပြန့်စွာ အသုံးပြုကြပါတယ်။ လေယာဉ်အစင်း ၁,၀၀၀ ကျော်ထုတ်လုပ်ခဲ့တယ်လိုလည်း သိရပါတယ်။
Ref- Tass


