◾ နာဂကျောင်းသားတချို့ လူသားဒိုင်းဖြစ်နေရသလို နာဂတပ်သား ၁၆ ဦးကိုလည်း KIA ဖမ်းဆီးထား
၂၄. ၇. ၂၀၂၅
Written by Nay Moe
နာဂကျောင်းသားရာချီကို KIA ပေါ်တာဆွဲနေသလို ကချင်လက်နက်ကိုင် KIA ၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် စစ်မှုထမ်းနေရသော ကျောင်းသားတချို့ သတင်းအစအနပင်မရဘဲ ပျောက်ဆုံးနေသကဲ့သို့ နာဂကျောင်းသားတချို့လည်း KIA ၏ စစ်မြေပြင်တွင် လူသားဒိုင်းဖြစ်နေရကြောင်း နာဂကျောင်းသားသမဂ္ဂ (NSO) က ထုတ်ပြန်သည်။
ဇူလိုင် ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော NSO ၏ ထုတ်ပြန်ချက်အရ NSO သည် နာဂလူမျိုးများကို ကိုယ်စားပြု၍ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှ နာဂလူမျိုးများအပေါ် ရန်လိုမှု၊ နယ်မြေကျူးကျော်ခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်း ဆက်တိုက်ပြုလုပ်နေသော လုပ်ဆောင်ချက်အပေါ် အပြင်းအထန်ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း KIA ၏ အကြောင်းမဲ့သော အတင်းအဓမ္မအကြမ်းဖက်မှုများ၊ နယ်မြေကျူးကျော်ခြင်းနှင့်တပ်သားသစ်စုဆောင်းခြင်း ထပ်တလဲလဲ ပြုလုပ်နေကြသလို နာဂလူမျိုးများ ကချင်ပြည်နယ်သို့ ပညာရေး၊ ကျန်းမာရေး (ဆေးကုသမှု)၊ စီးပွားရေးနှင့် အလုပ်အကိုင် စသည့်အရေးများအတွက် ခရီးသွားရာတွင် တားမြစ်ခြင်း၊ ဖမ်းဆီးခြင်းများကို KIA က အရှိန်မြှင့် ပြုလုပ်နေသည်။ နာဂလူငယ်များအစုကို ရွှေမော်၊ ကျောက်မော်များမှအတင်းအဓမ္မဖမ်းဆီးသည့်အပြင် ကချင်နှင့်နာဂနယ်စပ်ရှိ နာဂရွာများမှလည်း တပ်သားသစ်စုဆောင်းခြင်း ပြုလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခံသော ရာနှင့်ချီသောနာဂလူငယ်များသည် မိမိဆန္ဒမပါဘဲ KIA တပ်ထဲဝင်စေ၍ တချို့မှာပင်သတင်းအစအနပင် မရရှိတော့ဘဲ ပျောက်ဆုံးနေကြသည်။ တချို့မှာလည်း စစ်မြေပြင်များတွင် လူသားဒိုင်းအဖြစ် အသုံးချခံရကြောင်း ကြားသိရသည်။ ဤလုပ်ရပ်များသည် ငြိမ်းချမ်းရေးကိုလိုလားသည့် နာဂလူမျိုးများအတွက် ကောင်းမွန်သော ဆက်ဆံရေး လုပ်ရပ်မဟုတ်ဘဲ ပဋိပက္ခဖြစ်ပွားစေမည့်လုပ်ရပ်သက်သက်ဖြစ်သည်ဟု NSO က ပြောသည်။
ထိုသို့ နာဂလူမျိုးများအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်လုပ်ဆောင်လာမှုများ ဖြစ်နေသော်လည်း နာဂလူမျိုးများသည် လက်တုံ့ပြန်မှုမပြုဘဲ သည်းခံမှုကို ပြသခဲ့သည်။ မိမိတို့နာဂလူမျိုးများသည် ငြိမ်းချမ်းရေးကိုလိုလားသည့်အတွက် ကချင်ခေါင်းဆောင်များအနေဖြင့် ညီအစ်ကိုဆက်ဆံရေးကို အလေးထားကာ ငြိမ်းချမ်းမှုအား ဖော်ဆောင်လာရန် ယုံကြည်ခဲ့ပါသည်။ သို့သော် ဤမျှော်လင့်ချက်သည် ပိုမိုကျည်းမြောင်းလာသည်ကို အဆိုပါလုပ်ရပ်ဖြင့် ပြသနေသည်။ ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်နေ့တွင် NSO ကိုယ်စားလှယ်အဖွဲ့များသည် ဖြစ်ပေါ်နေသာ ကိစ္စများအား ဆွေးနွေးရန် KIA ခေါင်းဆောင်များနှင့်တွေ့ဆုံရန် သွားရောက်ခဲ့သည်။ သို့သော် ရှင်ဗွေယန်မြို့နယ်၊ တခတ်ကျေးရွာ(နာဂရွာ)၌ NSO ကိုယ်စားလှယ်အဖွဲ့များအား ခိုင်လုံသော အကြောင်းပြချက်များမရှိဘဲ KIA ၏ ဌာနချုပ်သို့ တက်ရောက်ဆွေးနွေးခွင့်ကို ပိတ်ပင်ခဲ့သည်။ ဇွန် ၁၂ နှင့် ၁၃ ရက်များတွင် KIA ၏ အရာရှိငယ်များနှင့် ဆွေးနွေးခဲ့သော်လည်း တိကျသော ဖြေရှင်းချက်များကို မရရှိခဲ့ပါ။ သို့ဖြစ်ရာ KIA အနေဖြင့်ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်ဖော်ဆောင်လိမ့်မည်ဟု ယုံကြည်ခဲ့သော်လည်း အကြမ်းဖက်မှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။
KIAသည် နာဂလူမျိုးများအပေါ် အပြင်းအထန်ဆုံးလုပ်ရပ်မှာ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် KIA တပ်အင်အားအလုံးအရင်းဖြင့် တနိုင်းချောင်း အနောက်ဘက်ရှိ Chanra ဂိတ်၌ နာဂတပ်သား ၁၆ ဦးအား ဖမ်းဆီးခဲ့သည်။ ထိုနေရာသည် နာဂလူမျိုးတို့၏ ဘိုးဘွားစဉ်ဆက် ယနေ့အထိနေထိုင်ခဲ့သည့် နယ်မြေဖြစ်ပါသည်။ ဤလုပ်ရပ်သည် နာဂလူမျိုးတစ်မျိုးသားလုံးကို အံ့အားသင့်စေခဲ့သည်။
ထိုလုပ်ရပ်မှုများအပေါ် ရှင်းလင်းစွာသိလိုသည်မှာ ဤကဲ့သို့ လုပ်ရပ်သည် နာဂလူမျိုးများအပေါ် ကချင်ဘက်က စစ်ကြေညာခြင်းလား။ ကချင်တပ်ဖွဲ့သည် နာဂလူမျိုးတို့၏ သည်းခံစိတ်ရှည်မှုကို စမ်းသပ်နေကြသလား။ နာဂကျောင်းသားသမဂ္ဂသည် KIA ၏အကြမ်းဖက်လုပ်ဆောင်မှုကို အပြင်းအထန် ရှုတ်ချသည်။ မိမိတို့ ဖမ်းဆီးခံနာဂတပ်မတော်မှ နာဂတပ်သား(၁၆) ဦးအား ချက်ချင်းလွတ်ပေးရန်နှင့် လက်နက်များအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။ အဆိုပါတောင်းဆိုမှုအား လိုက်လျောဖြည့်ဆည်းမှုမရှိပါက မလိုလားအပ်သော ပိဋပက္ခဖြစ်ပွားရေးကို တိုက်ရိုက်အကြောင်းပြုသည်ဟု ယူဆမိသည်ဟု NSO က ပြောပြီး မိမိတို့လူမျိုးများ၏ ကန့်သတ်ချက်ထက်ကျော်လွန်၍ တွန်းပို့လာပါက ဆက်လက်သည်းခံမည်မဟုတ်ဘဲ လက်တုံ့ပြန်မည်ဟုလည်း NSO က KIA ကို သတိပေးထားသည်။


