၂၄. ၇. ၂၀၂၅
Translated by Thettant
ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၁ နာရီ ၁၀ မိနစ်အချိန်က နခွန်ရတ်ချာစီးမားပြည်နယ်၊ မူအမ်နခွန်ရတ်ချာစီးမားခရိုင်၊ ဆွိုင်ဖီဘွန် လအိစ်တွင်ရှိသည့် နှစ်ထပ်ကွန်ကရစ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မိဘနှစ်ပါးနှင့် သားငယ်နှစ်ဦးတို့ သေဆုံးခဲ့ရသည်။
မီးလောင်ပြင်ကို နခွန်ရတ်ချ်စီးမား မြူနီစီပယ်နှင့် နောင်ဖိုင်လွမ်ခရိုင်ခွဲ မြူနီစီပယ်တို့မှ မီးသတ်ကား ၆ စီး စေလွှတ်၍ မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ အကြာတွင် မီးထိန်းချုပ်နိုင်ခဲ့သည်။ ဖြစ်ပွားရာနေရာကို စစ်ဆေးရာတွင် ဒုတိယထပ် အိပ်ခန်းထဲ၌ မီးလောင်သေဆုံးနေသည့် လူ ၄ ဦးကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးတို့ဖြစ်ပြီး မိသားစုဝင်များဖြစ်ကြသည်။ ထို့အပြင် မီးလောင်ဒဏ်ရာရရှိသူ ၃ ဦးလည်း ရှိခဲ့သည်။
မူအမ်နခွန်ရတ်ချ်စီးမား ရဲစခန်းမှ အရာရှိများ၏ စုံစမ်းစစ်ဆေးမှုအရ အဆိုပါအိမ်တွင် စုစုပေါင်း ၇ ဦး နေထိုင်ကြသည်။ အဘွားဖြစ်သူသည် အောက်ထပ်တွင် မုန့်ဖုတ်ထုတ်ကုန်များနှင့် သရေစာများ ပြုလုပ်ရောင်းချနေခဲ့သည်။ သေဆုံးသွားသော မိသားစုဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဖခင် ဝါချဖောင်၊ ၂၆ နှစ်အရွယ် မိခင်နစ်ချ်နှင့် အသက် ၈ နှစ်အရွယ် နာဝါဝစ်ချ်၊ အသက် ၄ နှစ်အရွယ် နာရာသစ်ပ်တို့မှာ ဒုတိယထပ် အိပ်ခန်းတွင် အိပ်ပျော်နေခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်အရ ပထမထပ်ရှိ ကွန်ပျူတာစားပွဲအနီး ပလပ်ပေါက်မှ မီးပွားများ ထွက်လာသည်ကို တွေ့ရှိခဲ့ကြသည်။ ထို့နောက် မီးသည် လျင်မြန်စွာ ကူးစက်ခဲ့သည်။
အိမ်တွင် ရှိနေသူများက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် မီးသတ်ဌာနသို့ အကြောင်းကြားပြီး ဒုတိယထပ်တွင် အိပ်ပျော်နေသည့် မိသားစုကို နှိုးရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့ကို ကူညီရန်လည်း ကြိုးစားခဲ့ကြသော်လည်း မီးသည် အလွန်လျင်မြန်စွာ ပြင်းထန်လာသဖြင့် ၎င်းတို့ကိုယ်တိုင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ နောက်ဆုံးတွင် မိသားစုကို မကယ်တင်နိုင်ခဲ့ဘဲ လူလေးဦးစလုံး မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က မီးလောင်ရသည့် အကြောင်းရင်းမှာ လျှပ်စစ်ဝါယာရှော့ဖြစ်နိုင်ဖွယ်ရှိပြီး အသုံးပြုခဲ့သော ပလပ်ပေါက်သည် ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကနဦး ယူဆထားသည်။
Ref, Khaosod
