MT News
၁၅. ၇. ၂၀၂၅
စစ်ကိုင်းနှင့် မန္တလေးမြို့နယ်တို့တွင် ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် ည ၆ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်းတွင် ကျော်မင်းထွန်း မောင်းနှင်ပြီး ကျော်ထက်အောင် လိုက်ပါလာသော HYUNDAI STAREX မော်တော်ယာဉ်နှင့် ဟန်ဌေး မောင်းနှင်သည့် HYUNDAI STAREX မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၂၅ သန်းနှင့် ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူ ဟိန်းမင်းလတ်ကို ဇူလိုင် ၈ ရက် နံနက် ၈ နာရီတွင် ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ တည်းခိုခန်းတွင် FORD RANGER မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ဗန်ကျဲအိုမန်းနှင့် ရွန်လှေကျုံးတို့အား ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၁ အိုင်လမ်းရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင်အသုံးပြုသည့် ဆီဘောက်ဆာ ယာဉ် ၂ စီး၊ TOYOTA HILUX SURF မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂၅ သန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၉ ဒသမ ၁၂၅ ဘီလျံ)နှင့် ဘိန်းဖြူ ၂၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလျံ)ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဖမ်းမိတရားခံများကို စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မှ မန္တလေးသို့ သယ်ဆောင်ခိုင်းသူ ရှမ်းလေး၊ အောင်မြင့်ထွန်းနှင့် မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူ စံရန်းတို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
