၁၅.၇.၂၀၂၅
Written by KL
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ် ၁၃ စီးခိုးယူသူ အမျိုးသားငါးဦးကို ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်များတွင် ဆိုင်ကယ်များ ခိုးယူခံရမှုများ အဖြစ်များနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေခဲ့ရာမှ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ ပုံလို့လမ်းဆုံတွင် ဇူလိုင် ၁၄ ရက် နံနက် ၃ နာရီက ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှ ကွင်းဆက်တရားခံလေးဦးကို ဆိုင်ကယ် ၁၃ စီးနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်များခိုးယူခဲ့သည့် ပိုင်ဝင်းစိုး (ခ)ပိုင်ပိုင်၊ ဟိန်းမင်းဦး၊ အောင်ဖြိုး၊ ပေသီးနှင့် သဲစပ်ကုလားတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
သိမ်းဆည်းရမိထားသော ဆိုင်ကယ်များနှင့်ပတ်သက်၍ တရားရုံးတွင် အမှုများပြီးပြတ်ပါက ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းတွင် အထောက်အထားများပြကာ ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။
