၁၅ .၇.၂၀၂၅
Written by Thiri
အတော်အသင့် လူသိများတဲ့ ကိုရီးယားနိုင်ငံက Tony အမည်နဲ့ YouTuber တစ်ဦးဟာ မြန်မာနိုင်ငံကို ခရီးသွားလာ လည်ပတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်ရှိနေပြီး လူစည်ကားရာနေရာတွေမှာ လျှို့ဝှက်ကင်မရာသုံးကာ မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်သွားလာလှုပ်ရှားမှုတွေကို ရိုက်ကူးပြီး မဖွယ်မရာစကားတွေနဲ့ သူ့ရဲ့ Channel မှာတိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ဆောင်ရွက်ပေးနေတဲ့ Page တစ်ခုဖြစ်တဲ့ STOP Sexual Abuse to the children ဆိုတဲ့ page ကနေ ထုတ်ဖော်ရေးသားလာပါတယ်။
အဆိုပါ Tony ဆိုတဲ့ YouTuber က မြန်မာအမျိုးသား အမျိုးသမီးတွေရဲ့ ရိုးရာယဥ်ကျေးမှုဝတ်စုံဖြစ်တဲ့ ထမီနဲ့ လုံခြည် ဝတ်ဆင်ထားသူတွေကို ပုတ်ခက်စော်ကားတဲ့ စကားများပြောဆိုနေကာ လုံခြည်နဲ့ ထမီက လိင်မှုကိစ္စမှာ လွယ်အောင်ဝတ်ကြတာလို့ ပုတ်ခတ်သုံးနှုန်းတာဖြစ်ပါတယ်။
STOP Sexual Abuse to the children page မှ တာဝန်ရှိသူက “မနေ့က ရဲစခန်းကို အခု ပြဿနာနဲ့ ပတ်သတ်လို့ စခန်းမှူးတစ်ယောက်နဲ့ သွားတွေ့တယ်။ သူက သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်က ဆိုရှယ်ပေါ်မှာလုပ်တာ ဖြစ်တဲ့အတွက်ပေါ့။ ခံရတဲ့သူ့ရဲ့ ရုပ်သံထဲမှာပါနေတဲ့ ကလေးတစ်ယောက်က လာဖွင့်ရင်တောင်မှ သူက ၆၆ (ဃ)ပဲရှိတာ။ ပြစ်မှုပြစ်ဒဏ်က သေးတဲ့အခါကြတော့ အမတို့အနေနဲ့ Speak Out လုပ်ဖို့ပဲ တွေးလိုက်တော့တယ်။ ဒီလိုတင်လိုက်လို့ရှိရင် ဒီကောင်လည်း လန့်သွားမယ်။တော်တော်များများလည်း ဒီလိုမျိုးတွေရှိပါလားဆိုတာ သိသွားမယ်။ နောက်ပြီး ခံရတဲ့ကလေးတွေက ငယ်တယ်။ လူလုံးထွက်ဖို့ အဆင်မပြေတာတွေရှိလို့ အမက အခုလို ဦးဆောင်လိုက်တာပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ကိုရီးယား You Tuberက မြန်မာမိန်းကလေးတွေကို တရားဝင်ခွင့်ပြုချက်မတောင်းပဲ ခိုးယူရိုက်ထားတဲ့ပုံတွေကိုလည်း သူ့ရဲ့ YouTube channel မှာ တင်ကာ ပုံပါအမျိုးသမီးနဲ့ လက်ထပ်ချင်လို့ ဖြစ်စေ၊ အတူနေချင်လို့ ဖြစ်စေ နှုန်းထားဘယ်လောက်လို့ သတ်မှတ်ကာ membership channel မှာ အခကြေးငွေနဲ့ ရောင်းစားနေကြောင်းကိုလည်း STOP Sexual Abuse to the children page က သက်သေနဲ့တကွသိရှိထားတယ်လို့ဆိုပါတယ်။
အဲ့ဒီကိုရီးယား အမျိုးသား YouTuber က မြန်မာပလာဇာ၊ အင်းယားကန်ဘောင်၊ လှည်းတန်းနဲ့ ဆူးလေတစ်၀ိုက် ကျင်လည်ကျက်စားကြောင်းလည်းသိရပါတယ်။ မြန်မာအမျိုးသမီးငယ်တွေကို ဓာတ်ပုံရိုက်ပေးမယ်လို့ပြောကာ ပုံ တွေ ပို့ဖို့ အတွက် viber နံပါတ်တောင်းယူပြီး အဆက်သွယ်တွေပြုလုပ်ကြောင်း ဒါ့အပြင် ကိုရီးယားစကားပြောတတ်တဲ့ မိန်းကလေးတွေကိုလည်း အလုပ်ရှာပေးမယ်ဆိုကာ ငွေနဲ့ဖျားယောင်းကာ ဟိုတယ်တွေမှာ ချိန်းဆိုခြင်း၊ ကိုရီးယားလူမျိုးများနဲ့ လက်ထပ်ဖို့ ဖျားယောင်းမြှူဆွယ်ခြင်း စတာတွေလည်း အဆက်မပြတ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
STOP Sexual Abuse to the children မှ တာဝန်ရှိသူက “အမတို့ က ကိုရီးယားသံရုံးကို အီးမေးလ်တွေ ပို့တယ်။ သံရုံးကလည်း အရေးယူမှု ပြုလုပ်ပေးတဲ့အနေနဲ့ သံရုံးဝက်ဘ်ဆိုက်မှာ တားမြစ်စာတင်ထားပေးတယ်။ အမတို့ဘက်ကလည်း သူ့ကို နေရာသိမှပဲ တရားစွဲတာတွေ အမှုဖွင့်တာတွေ လုပ်လို့ရမှာ။ အခုလောလောဆယ်ကတော့ ဒီလိုဆိုရှယ်မီဒီယာကနေ Speak Out လုပ်ရင် ပြန့်နှံ့လာရင် သက်ဆိုင်ရာကပေါ့ ဝင်ပြီးများဆောင်ရွက်မလားဆိုပြီး အခုလို ထုတ်ဖော်တာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ STOP Sexual Abuse to the children အဖွဲ့ အစည်းက သူတို့ ထုတ်ဖော်ပြောကြားထားတဲ့ ကိုရီးယားအမျိုးသားနဲ့ တွေ့ဆုံဖူးတာ၊ ထုတ်လွှင့်မှု video တွေထဲမှာ ပါ၀င်ခဲ့တာ စတဲ့ အမျိုးသမီးအနေနဲ့ သူတို့အဖွဲ့ထံ လာရောက်သတင်းပေးနိုင်ကြောင်းနဲ့ တရားဥပဒေအရအရေးယူဖို့ ဆောင်ရွက်သွားမှာဖြစ်တာကြောင့် လာရောက်ပူးပေါင်းလိုတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထိန်းသိမ်းပေးမယ်လို့ အသိပေးထားပါတယ်။







