နေမိုး
၁၅. ၇. ၂၀၂၅
ဝက်လက်မှာ PDF လေးဖွဲ့စုဖွဲ့ပြီး လူသတ်ဓားပြတိုက်မှုကျူးလွန်ခဲ့တယ်လို NUG နဲ့ PDF တွေကို ထောက်ခံတဲ့ ဘီဘီစီ၊ မြေလတ်အသံသတင်းဌာနတွေမှာ ရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။
မြေလတ်အသံသတင်းဌာနက ဖော်ပြမှုနဲ့ ဘီဘီစီသတင်းဌာနက ဖော်ပြမှုက တူညီပြီး မြေလတ်အသံသတင်းဌာနရဲ့ ဖော်ပြမှုက ပိုမိုပြည့်စုံတာကို တွေ့ရပြီး ဒီဖြစ်စဉ်အပေါ် မြေလတ်အသံသတင်းဌာနက “စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာက မိသားစုဝင်ခြောက်ယောက်ရှိတဲ့ နေအိမ်ကို ဇူလိုင် ၁၃ ရက်ည မနက် ၁၂ နာရီလောက်မှာ ကျေးရွာပကဖအဖွဲ့ဝင်တွေအပါအဝင် PDF လူငယ် ၁၁ ဦးက ဓားပြတိုက်ပြီး အိမ်ထောင်ဦးစီးဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားကို ဓားနဲ့ထိုးသတ်လို့ ဆေးရုံအပို့မှာ သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပါဝင်ဓားပြတိုက်တဲ့ PDF တွေက ပါဝင်သူတွေက လှတောကျေးရွာပကဖတွေအပြင် မိတ္ထီလာဒရုန်းတပ်က ၂ ဦး၊ အရာတော် PDF ၂ ဦး၊ ဝက်လက်မြို့နယ်၊ သခွတ္တော ကျေးရွာပကဖ ၂ ဦး အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ အဖွဲ့ဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၂ ဦးလည်းပါတယ်လို့ ဖော်ပြထားသလို ဒီ PDF တွေဟာ စားသောက်ဆိုင်မှာ သောက်စားပြီး လူစု၊ ဓားပြတိုက် လူသတ်ပြီးချိန် အဲဒီစားသောက်ဆိုင်မှာ ထပ်မံသောက်စားပြီးမှ ရလာတဲ့ငွေ သိန်း ၄၀၀ နဲ့ ၆၀၀ ကြားကို ခွဲယူခဲ့ကြတာလို့ ဖော်ပြခဲ့ပါတယ်။
ဘီဘီစီသတင်းဌာနကတော့ ဓားပြတိုက်လူသတ်တဲ့ PDF တွေထဲက ၂ ဦးကို အဲဒီ ဇူလိုင် ၁၃ ရက် ညမှာပဲ ဝက်လက်အခြေစိုက် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းမိပြီး ဇူလိုင် ၁၄ ရက်မှာတော့ ၁၁ ဦးလုံး ဖမ်းမိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်ဟာ NUG ရဲ့ ပသုံးလုံးတွေထဲ လူသတ်၊ လုယက်၊ မုဒိမ်းမှုတွေ အမြဲကျူးလွန်နေတဲ့ ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းကလည်း ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာက PDF တစ်ဦးရဲ့ဇနီး ကိုယ်ဝန်သုံးလရှိသူ အမျိုးသမီးကို မှော်ဦးကျေးရွာပကဖခေါင်းဆောင်မောင်နိုင်က ခင်ပွန်း PDF ကို ကင်းစောင့်ခိုင်းပြီး ဇနီးကို ကိုယ်ဝန်ပျက်ကျအောင် မုဒိမ်းကျင့်ခဲ့လို့ ဒီဇင်ဘာလမှာ ထောင် ၅ နှစ်ချလိုက်တယ်လို့ NUG ထောက်ခံတဲ့မီဒီယာတွေက ရေးသားဖော်ပြခဲ့သလို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ် သခွတ္တောရွာနေ အသက် ၂၂ နှစ်အရွယ် မယုမွန်ထိုက်ဆိုသူ အမျိုးသမီးငယ်က PDF ငပြည့်ကို ပြန်မကြိုက်ဘဲ မိန်းမချင်းကြိုက်နေလို့ဆိုပြီး မိဘရှေ့တင် ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) က ဒုတပ်ခွဲမှူး ငပြည့် (ခ) ပြည့်ထွန်းနိုင်က သေနတ်နဲ့ ပစ်သတ်မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
