၁၅. ၇. ၂၀၂၅
Translated by Thettant
အင်္ဂလန်နိုင်ငံရဲ့ မြို့တော်လန်ဒန်က Southend လေဆိပ်မှာ လေယာဥ်ငယ် ပျက်ကျမီးလောင်သွားတဲ့ ဖြစ်စဥ်အတွင်း လေးဦးသေဆုံးသွားတယ်လို့ အတည်ပြုခဲ့သလို ဒီဖြစ်စဥ်အတွင်းမှာ သေဆုံးရသူတွေထဲ ပထမဆုံးအလုပ်စဆင်းတဲ့ ချီလီဖွား လေကြောင်းသူနာပြုတစ်ဦးပါဝင် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Southend လေဆိပ်မှာ ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီ ၅၈ မိနစ်က ထွက်ခွာသွားခဲ့တဲ့ Zeusch Aviation က လည်ပတ်နေတဲ့ Beechcraft B200 Super King Air လေယာဉ်ဟာ ပျံတက်ပြီးစမှာ ခေါင်းစိုက်ပျက်ကျပြီး အကြီးအကျယ် မီးလောင်သွားခဲ့တာပါ။
လေယာဉ်ဟာ နယ်သာလန်နိုင်ငံ Lelystad လေဆိပ်ကို ဦးတည်ထွက်ခွာနေတာဖြစ်ပြီး လေဆိပ်ကတက်ပြီး အမြင့် ၁၇၅ ပေသာရှိသေးချိန်မှာ ဘယ်ဘက်သို့ သိသိသာသာ ယိမ်းယိုင်ကာ မှောက်လျက်ကျဆင်းပြီး မြေပြင်ပေါ် ဦးခေါင်းပိုင်းနဲ့ ကျရောက်ပေါက်ကွဲမီးလောင်သွားခဲ့တာပါ။
ဖြစ်စဥ်ဟာ မြန်ဆန်ဆိုးရွားလှတာကြောင့် ပေါက်ကွဲသေဆုံးမှုဖြစ်စဥ်မှာ ကယ်တင်နိုင်သူမရှိဘဲ အားလုံးသေဆုံးကုန်ဖွယ်ရှိနေတယ်လို့ MT News က ဖော်ပြခဲ့သလို ဒီဖြစ်စဥ်အပြီးမှာ Southend လေဆိပ်က ဆိုက်ရောက်ထွက်ခွာအားလုံးကို ပိတ်ပစ်ခဲ့တာပါ။
လက်ရှိအချိန်မှာ သေဆုံးသူလေးဦးစလုံးကို နာမည်တွေ အတည်မပြုသေးပေမဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အထူးပြုတဲ့ Zeusch Aviation ရဲ့ ၁၂ မီတာရှည်တဲ့ Beech B200 Super King Air ပျက်ကျလေယာဉ်ပေါ် ဒတ်ခ်ျလေယာဉ်မှူးတစ်ဦး၊ တွဲဖက်လေယာဉ်မှူးတစ်ဦး၊ အခြားသူတစ်ဦးနဲ့ ချီလီမှာမွေးဖွားခဲ့သူ ဂျာမန်နိုင်ငံသား အသက် ၃၁ နှစ်အရွယ် မာရီယာ ဖာနန်ဒါ ရိုဂျာဇ်အော်တဇ်ဟာ လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့သူတွေထဲက တစ်ဦးအဖြစ် အမည်ဖော်ပြခံခဲ့ရပါတယ်။
ကံဆိုးလှတဲ့ မာရီယာဟာ တနင်္ဂနွေနေ့က ပျက်ကျတဲ့ ဒီဖြစ်ရပ်နေ့က သူမရဲ့ လေကြောင်းသူနာပြုဘဝ ပထမဆုံးအလုပ်ဆင်းရက်ဖြစ်တယ်လို့ သူမသူငယ်ချင်း အန်နာစမစ်က ပြောခဲ့ပါတယ်။
“သူမဟာ ဒီအလုပ်သစ်အတွက် အရမ်းစိတ်လှုပ်ရှားနေခဲ့တာပါ” လို့ သူမက ပြောကြားခဲ့သလို “သူမမှာ ပေးကမ်းတတ်တဲ့ နှလုံးသားရှိပြီး နှိမ့်ချတတ်တယ်။ အဲဒါကို ရောင်ပြန်ဟပ်တဲ့ အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ခဲ့တာပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပျက်ကျလေယာဉ်ဟာ Southend မှာ လူနာတစ်ဦးကို ချထားပြီးနောက် နယ်သာလန်ရှိ အခြေစိုက်စခန်းကို ပြန်လည်ပျံသန်းချိန်မှာ အခုလိုဖြစ်ခဲ့တာလို့လည်း သိရပြီး လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာန (Air Accidents Investigation Branch) ကတော့ ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှု စတင်ခဲ့သလို လေယာဉ်ပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူတွေ၊ လူ့အချက်အလက်တွေ၊ အင်ဂျင်နီယာနဲ့ မှတ်တမ်းတင်ထားတဲ့ အချက်အလက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ပျက်ကျနေရာ စေလွှတ်ထားပါတယ်။
လက်ရှိမှာတော့ လေယာဉ်ပျက်ကျမှုထဲ ပါဝင်ကွယ်လွန်ခဲ့တဲ့ ကံဆိုးသူ ချီလီသူနာပြု မာရီယာရဲ့ မိသားစုအတွက် ငွေကြေးစုဆောင်းဖို့ Gofundme စာမျက်နှာတစ်ခုကို ပြုလုပ်ထားပြီး ဒီရန်ပုံငွေအစီအစဉ်မှာ သူမမိသားစုအတွက် ယူရို ၇,၅၀၀ စုဆောင်းဖို့ ရည်ရွယ်ထားပါတယ်။
Ref., Independent




