၁၃. ၇. ၂၀၂၅
Translated by Thettant
လူအနည်းငယ်သာ စီးနင်းလိုက်ပါနိုင်တဲ့ သေးငယ်တဲ့လေယာဉ်တစ်စင်း Southend လေဆိပ်မှာ ပျက်ကျပြီး “ကြီးမားတဲ့မီးလုံးကြီး” အဖြစ် လောင်ကျွမ်းခဲ့မှု ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီခန့်က အင်္ဂလန်နိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဗြိတိန်၊ အင်္ဂလန်က Southend လေဆိပ်မှာ ညနေ ၃ နာရီ ၅၈ မိနစ်က ထွက်ခွာသွားခဲ့တဲ့ Zeusch Aviation က လည်ပတ်နေတဲ့ Beechcraft B200 Super King Air လေယာဉ်ဟာ ပျံတက်ပြီးမကြာခင် ပျက်ကျခဲ့တာပါ။
လေယာဉ်ဟာ နယ်သာလန်နိုင်ငံ Lelystad လေဆိပ်ကို ဦးတည်ထွက်ခွာနေတာဖြစ်ပြီး လေဆိပ်က ထွက်ခွာပြီး မကြာမီ အမြင့် ၁၇၅ ပေသာရှိသေးချိန်မှာ ဘယ်ဘက်သို့ သိသိသာသာ ယိမ်းယိုင်ကာ မှောက်လျက်ကျဆင်းပြီး မြေပြင်ပေါ် ဦးခေါင်းပိုင်းနဲ့ ကျရောက်ပေါက်ကွဲမီးလောင်သွားခဲ့တာပါ။
ဖြစ်စဥ်ဟာ မြန်ဆန်ဆိုးရွားလှတာကြောင့် ပေါက်ကွဲသေဆုံးမှုဖြစ်စဥ်မှာ ကယ်တင်နိုင်သူမရှိဘဲ အားလုံးသေဆုံးကုန်ဖွယ်ရှိနေတယ်လို့ သတင်းတချို့က ဖော်ပြနေသလို MT News ကလည်း ဖြစ်စဥ်ကို ဆက်လက် ဖော်ပြပါ့မယ်။
