နေမိုး
၁၃. ၇. ၂၀၂၅
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး နောင်ချိုမြို့ကို ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်ဖို့လုပ်ဆောင်နေတဲ့ တပ်မတော်ဟာ နောင်ချိုမြို့ပတ်ပတ်လည်က TNLA , DPLAနဲ့ MDY PDF တို့ရဲ့ ကာကင်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ကျော်ဖြတ်နိုင်ခဲ့သလို တစ်လခွဲအတွင်း ဒီနေ့မှာ နောင်ချိုမြို့တွင်း ခြေချလိုက်နိုင်ခဲ့ပြီး မြို့ပြန်လည်သိမ်းယူမယ့် နယ်မြေရှင်းလင်းသိမ်းပိုက်မှုကို စတင်လုပ်ဆောင်နေပြီလို့ ကနဦး သတင်းတွေအရ သိရပါတယ်။
နောင်ချိုဟာ ရပ်စောက်၊ ကျောက်မဲ၊ ပြင်ဦးလွင်တို့နဲ့ ထိစပ်နေသလို လားရှိုးမြို့ကိုပေါက်တဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့လည်း ချိတ်ဆက်နေလို့ မဟာဗျူဟာအရ အရေးပါတဲ့အပြင် ညှိနှိုင်းမှုကို လက်မခံတဲ့ TNLA , DPLA နဲ့ MDY PDF ရဲ့ စစ်ဦးကိုချိုးနှိမ်နိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ စစ်နယ်မြေဖြစ်လို့ တပ်မတော်က အထိအခိုက်နည်းစေဖို့ ဝေဟင်၊ မြေပြင်စစ်ဆင်ရေးတွေနဲ့ အင်အား ထောင်ဂဏန်းသုံးပြီး ပြန်လည် သိမ်းပိုက်ဖို့ စနစ်တကျ အားထုတ်ခဲ့တာဖြစ်ပါတယ်။





ဒီလိုအားထုတ်မှုတွေကြောင့် ဒီနေ့မှာ ဂုတ်ထိပ်၊ ကျောက်ကြမ်း၊ နောင်ချို တောင်ရပ်ကွက်တွေကို ရှင်းလင်းသိမ်းဆည်းနိုင်ခဲ့တာဖြစ်ပြီး ရပ်ကွက် ၆ ခုပဲရှိတဲ့ နောင်ချိုမှာ တောင်ရပ်ကွက်ဟာ ဒုတိယလူနေအထူထပ်ဆုံးရပ်ကွက်ဖြစ်ပါတယ်။
ဒီနေ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး TNLA ဘက်ကလည်း နောင်ချိုမြို့နယ်က ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတွေကို တပ်မတော်က လက်နက်ကြီး (၁၈၂)လုံး၊ ဒရုန်း ဗုံး (၅၇)လုံးတို့နဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။





ဒါ့အပြင် နာမည်ကျော် ဂုတ်ထိပ်တံတားရှိပြီး နောင်ချိုနဲ့ထိစပ်နေတဲ့ ကျေးရွာအုပ်စုဖြစ်တဲ့ ကုန်းစံကျေးရွာမှာ တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေချိန် တပ်မတော်က လက်နက်ကြီး ၁၀၅ လုံးနဲ့ ဒရုန်း ဗုံး (၂၀) တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ပြောပါတယ်။
အဲဒီနောက် တပ်မတော်ရဲ့ထိုးစစ်ကို တောင့်မခံနိုင်တော့တဲ့ TNLA ၊ ဓနုတပ် DPLA နဲ့ MDY PDF တို့ ပူးပေါင်းတပ်တွေဟာ ဆုတ်ခွာပြေးကြလို့ နောင်ချိုမြို့နယ်၊ တောင်ရပ်ကွက်ကို ဆက်လက်ဝင်ရောက် ရှင်းလင်းနေတာလို့ သိရပါတယ်။
ပုံစာ။ နောင်ချိုမြို့တွင်း တပ်မတော်ဝင်ရောက်ထိန်းချုပ် ရှင်းလင်းမှုပုံရိပ်များ (Photo – Credit)
