၁၃. ၇. ၂၀၂၅
Translated by Thettant
၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့် နှစ်ဆင့်ထပ်မံကျဆင်းပြီး အာရှပစိဖိတ်ဒေသတွင် ငြိမ်းချမ်းမှုအကင်းမဲ့ဆုံးနိုင်ငံဆက်ဖြစ်နေသည်ဟု ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းဖော်ပြမှုအရ သိရသည်။
၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်း (Global Peace Index – GPI) အရ နိုင်ငံပေါင်း ၁၆၃ နိုင်ငံနှင့် နယ်မြေဒေသများအနက် မြန်မာနိုင်ငံသည် ယမန်နှစ်က အဆင့် ၁၅၁ မှ ၁၅၃ သို့ ကျဆင်းသွားခဲ့သည်။

အဆိုပါ အညွှန်းကိန်းသည် ‘အနုတ်လက္ခဏာဆောင်သော ငြိမ်းချမ်းရေး’ ကို တိုင်းတာခြင်းဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပ ပဋိပက္ခများတွင် ပါဝင်ပတ်သက်မှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်သူများ နေရာရွှေ့ပြောင်းရမှု အတိုင်းအတာနှင့် စစ်ရေးအသုံးစရိတ်၊ တပ်ဖွဲ့ဝင်အရေအတွက်နှင့် လက်နက်ရရှိမှုများကို တိုင်းတာသတ်မှတ်ခြင်းဖြစ်သည်။
ကမ္ဘာ့လုံးဆိုင်ရာငြိမ်းချမ်းရေးသည်လည်း ခြောက်နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး ယခုနှစ်တွင် ၀ ဒသမ ၃၆ ရာခိုင်နှုန်းကျဆင်းခဲ့သလို လွန်ခဲ့သည့် ၁၇ နှစ်အတွင်း ၁၃ နှစ်တာကာလ ကျဆင်းမှုဖြစ်လာခဲ့သည်။
အာရှ-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးသည် ၀ ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ကမ္ဘာပေါ်တွင် ဒုတိယအငြိမ်းချမ်းဆုံးဒေသအဖြစ် ဆက်လက်တည်ရှိနေသည်။ ယင်းကျဆင်းမှုမှာ ပဋိပက္ခနှင့် စစ်အင်အားတိုးချဲ့မှု ရမှတ်များ မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးမှာမူ တိုးတက်လာခဲ့သည်။

Global Peace Index တွင် အာဆီယံ၏ အဆင့်သတ်မှတ်ချက်များ (ဘရူနိုင်း မပါဝင်ပါ)
- စင်ကာပူ – ကမ္ဘာ့အဆင့် ၆ | မပြောင်းလဲ
- မလေးရှား – ကမ္ဘာ့အဆင့် ၁၃ | ၁ ဆင့်ကျဆင်း
- ဗီယက်နမ် – ကမ္ဘာ့အဆင့် ၃၈ | ၁ ဆင့်တက်
- လာအို – ကမ္ဘာ့အဆင့် ၄၇ | ၃ ဆင့်ကျဆင်း
- အင်ဒိုနီးရှား – ကမ္ဘာ့အဆင့် ၄၉ | ၃ ဆင့်တက်
- ထိုင်း – ကမ္ဘာ့အဆင့် ၈၆ | ၅ ဆင့်ကျဆင်း
- ကမ္ဘောဒီးယား – ကမ္ဘာ့အဆင့် ၈၇ | ၁၂ ဆင့်ကျဆင်း
- ဖိလစ်ပိုင် – ကမ္ဘာ့အဆင့် ၁၀၅ | ၆ ဆင့်တက်
- မြန်မာ – ကမ္ဘာ့အဆင့် ၁၅၃ | ၂ ဆင့်ကျဆင်း
Ref, Thai Enquirer
