၁၁.၇.၂၀၂၅.
Translated by Htwe Ko Tun
ကမ္ဘောဒီးယားအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ကမ္ဘောဒီးယားနိုင်ငံအတွင်း တရားမဝင် လာရောက်နေထိုင်ပြီး ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေကြတဲ့ ဗီယက်နမ်နိုင်ငံသား ၆၅ ဦးကို နိုင်ငံတွင်းမှ ပြန်လည်နှင်ထုတ်ခဲ့တယ်လို့ ဇူလိုင်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းအရ ပြန်လည်နှင်ထုတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၆၅ ဦးမှာ အမျိုးသမီး ခုနစ်ဦးပါဝင်တယ်လို့လည်း သိရပါတယ်။ ပြည်နှင်ဒဏ်ပေးမှုကို ဇူလိုင်လ ၈ ရက်က ကမ်ပေါ့ပြည်နယ်အတွင်းရှိ ပရီချတ်နယ်စပ်စစ်ဆေးရေးဂိတ်ကနေဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်မှာပဲ ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံ ၈၈ နိုင်ငံကနိုင်ငံခြားသား ၅,၀၀၀ နီးပါး ဥပဒေနဲ့မညီ နိုင်ငံတွင်းသို့ဝင်ရောက်ပြီး တရားမဝင်အလုပ်လုပ်ကိုင်နေကြတာ ဒါမှမဟုတ် တခြားရာဇဝတ်မှုတွေနဲ့ ငြိစွန်းနေတာကို ဖမ်းဆီးကာ ပြန်နှင်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား နိုင်ငံတွင်း ခုလို တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်မှုတွေက ၂၀၂၄ ခုနှစ် အလားတူ ကာလနဲ့နှိုင်းယှဉ်ရင် တိုးမြင့်လာခဲ့တယ်လို့လည်း ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေးဌာနက ပြောခဲ့ပါတယ်။
ဒီကာလအတွင်းမှာပဲ ပြည်ပမှာရောက်နေတဲ့ ကမ္ဘောဒီးယား နိုင်ငံသား ၅,၀၀၀ ကျော်ဟာလည်း ဥပဒေနဲ့မညီတာတွေ လုပ်ဆောင်မှုကြောင့် ပြည်ပအာဏာပိုင်တွေရဲ့ ပြန်ပို့ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားအာဏာပိုင်တွေက နိုင်ငံခြားသားတွေနဲ့ အဓမ္မလက်ထပ်ဖို့ လူပွဲစားတွေရဲ့ တရုတ်နိုင်ငံကို လူကုန်ကူးခြင်းခံရတဲ့ ကမ္ဘောဒီးယားအမျိုးသမီး ၁၈၀ ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Ref- Khmer Times
