၁၁.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က NBC News သတင်းဌာနနဲ့ ဇူလိုင်လ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ သီးသန့်တွေ့ဆုံ မေးမြန်းမှုတစ်ခုမှာ သူ့အနေနဲ့ လာမယ့်ရက်သတ္တပတ်မှာ ရုရှားနိုင်ငံနဲ့ ပတ်သက်လို့ အဓိကကြေညာချက်တစ်ရပ်ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ပြောကြားရာမှာ “ကျွန်တော့်အနေနဲ့ စစ်ပွဲပြီးဆုံးရေးမှာ ရုရှားနိုင်ငံကို စိတ်ပျက်မိတယ်။ ဒါပေမယ့် နောက်အပတ်တွေထဲမှာတော့ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ တွေ့ရမှာပါ။ ရုရှားနဲ့ပတ်သက်လို့ ဇူလိုင် ၁၄ ရက်လောက်မှာတော့ ကျွန်တော်ကအဓိကကြေညာချက်တစ်ခု ထုတ်ဖို့ ရှိလိမ့်မယ်လို့ ထင်တယ်” လို့ NBC ကိုပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လို ကြေညာချက် မျိုးဖြစ်မယ်ဆိုတာတော့ သူက အကျယ်မပြောခဲ့ပါဘူး။
သူက အမေရိကန်ရဲ့လက်နက်တွေကို ယူကရိန်းကိုလွှဲပေးဖို့ အမေရိကန်၊ နေတိုးစစ်အုပ်စုနဲ့ ယူကရိန်းတို့ ပါဝင်မယ့် အစီအစဉ်သစ်တစ်ရပ်ကိုသုံးသပ်နေတယ်လို့ အကြမ်းဖျင်းပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က “ကျွန်တော်တို့ လက်နက်တွေကို နေတိုးအုပ်စုဆီ အရင်ပို့မယ်။ နေတိုးက ဒီလက်နက်တွေ ဈေးနှုန်း ၁၀၀ ရာခိုင်နှုန်းအပြည့်ပေးမယ်။ ဒီနောက်မှာ နေတိုးက ဒီစစ်လက်နက်တွေကို ယူကရိန်းဆီရောက်အောင်ပို့မှာပေါ့။ နေတိုးကတော့ လက်နက်တွေအတွက် အကုန်ပေးချေမှာပေါ့” လို့ ပြောခဲ့ပါတယ်။
ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း နေတိုးအုပ်စုရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အပြီးသတ်နိုင်ခဲ့တယ်လို့လည်း ထရမ့်ပ်ပြောခဲ့ပါတယ်။ သူက “ကျွန်တော်တို့က အစီအစဉ်အရ လက်နက်တွေ နေတိုးအုပ်စုကို ထုတ်ပေးပြီး နေတိုးကတန်ဖိုးအတွက် အပြည့်အဝပြန်ပေးချေမှာပေါ့” လို့ ဆိုခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ အခုလိုပြောဆိုခဲ့မှုက အမေရိကန်အစိုးရရဲ့ သဘောထားကွဲလွဲမှုတွေ၊ အပြောင်းအလဲမြန်မှုတွေကြားကပဲ ထွက်ပေါ်လာတာလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်က အမေရိကန်ရဲ့အဓိကကျတဲ့စစ်ရေးအထောက်အပံ့တွေ ယူကရိန်းကိုပေးပို့တာကို ခေတ္တရပ်ဆိုင်းထားဦးမယ်လို့ တစ်ဖက်သတ်ပြောခဲ့ပါသေးတယ်။ ဒီထဲမှာ ကြားဖြတ်တိုက်ခိုက်ရေး ပက်ထရီယော့ ဒုံးကျည်တွေနဲ့ ပစ်မှတ်ကိုတိကျစွာထိမှန်တဲ့ ပဲ့ထိန်းလက်နက်တွေပါဝင်တာပါ။
အခုကြတော့ သမ္မတထရမ့်ပ်က လက်နက်တွေကို ယူကရိန်းဆီကို နေတိုးအုပ်စုကတစ်ဆင့်ပေးမယ်လို့ ပြောလာပြန်တော့ ပြောင်းပြန်ဖြစ်သွားရတယ်လို့ဆိုကြပါတယ်။
Ref-Kyiv Independence
