April 26, 2024

၃၁. ၁. ၂၀၂၃
Written By Thandar

ဂီတပိုင်းရော သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမူရရှိထားတဲ့ သရုပ်ဆောင် ထွန်းထွန်းကတော့ မောင်မောင်တို့ရဲ့ မောင်မောင် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ချင်လို့ Audition အဆင့်ဆင့်ပြိုင်ပြီးမှ နေလမောင်မောင် ကာရိုက်တာက သရုပ်ဆောင်ခွင့်ရခဲ့တာလို့  ဖွင့်ဟလာပါတယ်။

“ဒီဇာတ်ကားက ကိုထွန်းဆိုပြီး ခေါ်ရိုက်တာမဟုတ်ဘူး။ ကျွန်တော်ရိုက်ချင်လို့ Audition ခေါ်တာကို သွားပြိုင်ရတယ်။ သွားဝင်ရတာပေါ့။ ပြီးတော့မှ ဆန်ကာတင်အဆင့်များစွာဖြတ်ပြီးမှ ဒီကာရိုက်တာကို သရုပ်ဆောင်ခွင့်ရခဲ့တာပါ။ ဒီကားပါဝင်သူတွေ အကုန်လုံး ဒီလိုပါပဲ။ ဒါကြောင့် ကျွန်တော်ပိုပြီး အလုပ်ကို ကြိုးစား အားထုတ်မိသလို ပိုပြီး ရင်ခုန်တယ်။ ပိုပြီးပျော်ပါတယ်”လို့ အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။

ဟာသ အချစ် ဒရာမာ ‘မောင်မောင်တို့ရဲ့ မောင်မောင်’ ဇာတ်လမ်းတွဲကိုတော့ Dreamwalkerz Production က ဒါရိုက်တာ အောင်မြတ်အနေနဲ့ Canal Plus Zat Lenn အတွက် ဝါရင့်အနုပညာရှင်တွေနဲ့ အတူ တက်သစ်စအနုပညာရှင်တွေကိုလည်း Audition အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ထွန်းထွန်း၊ ချာလီ၊ အောင်ဇေယျမင်းထင်၊ ဟန်လင်း၊ မင်းခန့်၊ L ဘောင်နူး၊ စူးရှထူးကြည်၊ ရဲနောင်ချို၊ မေထိုက်မွန်(ခ)Mandy၊ပြည့်ပြည့် ၊ စနိုးစံ၊ ခိုင်စု စတဲ့သူတွေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ ဒီဇာတ်ကားမှာ နေလမောင်မောင်ဆိုတဲ့ ဒုတိယအကို တစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ဒုတိယအကိုကတော့ အိမ်ထောင့်တာဝန်တွေကို ထမ်းဆောင်ပြီးတော့ ကိုယ့်ထက်အငယ်တွေကို စောင့်ရှောက်ရတဲ့ သူပေါ့။ မောင်နှမတွေထဲမှာက ဒုတိယမြောက်အကိုမို့ ချက်ရေးပြုတ်ရေး သန့်ရှင်းရေးပေါ့။ သူကြိုက်နှစ်သက်တာလေးတွေလည်း ရှိတာပေါ့။ လူမသိအောင် အရက်ခိုးသောက်တာပေါ့။ တခြားလေးတွေလည်း လာပါဦးမယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *