April 19, 2024

MT News
၃၁. ၁. ၂၀၂၃

ယနေ့မှစ၍ နိုင်ငံရေးပါတီများ ဆက်လက်ထူထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြုလုပ်နိုင်မည်ဖြစ်ပြီး ပါတီသစ်များလည်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ တွင် အကျုံးဝင်သောပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)၊ နေပြည်တော်သို့ ဤကြေညာချက် ထုတ်ပြန်သည့်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်သည်ဟု သိရသည်။

ထို့အတူ နိုင်ငံရေးပါတီတည်ထောင်လိုသူများသည်လည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)၊ နေပြည်တော်သို့ ဤကြေညာချက် ထုတ်ပြန်သည့်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *