၇. ၇. ၂၀၂၅
Written by Nay Moe
မိုးဗြဲမြို့ကို သိမ်းနိုင်ဖို့ ၂၀၂၁ နှစ်ဝက်လောက်ကစတင်တိုက်ခိုက်ပြီး ၂၀၂၃ နိုဝင်ဘာလထဲမှာ မြို့ပေါ်ဧရိယာအားလုံးရပြီး တစ်နှစ်ခွဲလောက်ကြာအောင်ထိန်းချုပ်ထားပေမယ့် တပ်မတော်ရဲ့ အချိန်ခြောက်လကြာ ထိုးစစ်အတွင်းမှာ ကယားလက်နက်ကိုင်နဲ့ PDF ရာချီသေဆုံးအပြီး မိုးဗြဲမြို့ကိုလက်လွှတ်လိုက်ရပေမဲ့ ပြန်သိမ်းမယ်လို့ မိုးဗြဲကယ်ဆယ်ရေးတပ် (MPRT) က ကြုံးဝါးထားပါတယ်။
တပ်မတော်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ မိုးဗြဲမြို့ကိုသိမ်းနိုင်ဖို့ ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီကနေ ဇွန် ၃၀ ရက်အထိ ခြောက်လအတွင်းမှာ ကယားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်ဘက်က ၁၂၇ ဦးသေဆုံးတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ပြောခဲ့ပါတယ်။ ကယားဒေသမှာ တိုက်ပွဲအများစုက မိုးဗြဲမှာပဲ ဖြစ်ခဲ့တာဖြစ်လို့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ ဒီနှစ်ခြောက်လအတွင်း သေဆုံးမှုတွေရဲ့ အများစုက မိုးဗြဲမှာဖြစ်ခဲ့တာလို့ MT News က သိရပါတယ်။
အဲဒီ ဇွန်လ ၃၀ ရက်မှာပဲ မိုးဗြဲမြို့ကိုထိန်းထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF၊ ဒီမော့ဆို DMO Local PDF၊ ရှမ်းတောင်ဗျူဟာ ၁၊ မိုးဗြဲ Local PDF နဲ့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- KPLAနဲ့ Urban Revolutionary Front – URF တို့က မိုးဗြဲမြို့အတွင်း တပ်မတော်စစ်ကြောင်းတွေ ဝင်လာထိန်းချုပ်သွားတာ ဝန်ခံခဲ့သလို တပ်မတော်ကလည်း ၂၀၂၁ မေလ ၂၁ ရက်ကတည်းက လက်လွှတ်ခဲ့ရတဲ့ မိုးဗြဲရဲစခန်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်မှာ ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။
အဲဒီနောက် မိုးဗြဲမြို့ကို နယ်မြေဆက်လက်ရှင်းရာမှာ တောင့်ခံနေတဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ မခံနိုင်ဘဲ ဆုတ်ခွာအပြေးမှာ တပ်မတော်ဘက်က ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ ဆွဲပြေးသွားတဲ့ ရုပ်အလောင်းတွေမပါဝင်သေးဘဲ ၂၄ လောင်းရခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းယူခဲ့ပါတယ်။
“ကျဆုံးစစ်သည်များရဲ့ စတေးမှု အလကားမဖြစ်ရအောင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။ စိတ်ဓာတ်မကျပဲ အကောင်းဆုံး ပြန်လာကြမယ်၊ ပြန်လာဖို့လိုတယ်” လို့ မိုးဗြဲမြို့ပြန်သိမ်းချင်နေတဲ့ MPRT က ကြုံးဝါးပါတယ်။
လက်ရှိမှာတော့ တပ်မတော်က မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်ကရှင်းလင်းဖို့ကျန်ရှိနေတဲ့ ၄ ဒသမ ၅ ကီလိုမီတာအကွာအဝေးကို အပြီးတိုင် ဆက်လက်ရှင်းလင်းပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ။ တပ်မတော်၏ မိုးဗြဲမြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးကုန်သော ကယားလက်နက်ကိုင်နှင့် PDF အချို့၏ အသုဘမြင်ကွင်း။









