
၇.၇.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အတွင်း ဇူလိုင်လ ၄ ရက် နံနက်ပိုင်းကစတင်ခဲ့သော ရေလွှမ်းမိုးမှုများကြောင့် သုံးရက်မြောက်နေ့ဖြစ်သော ဇူလိုင်လ ၆ ရက် ညပိုင်းတွင် သေဆုံးသူအနည်းဆုံး ၈၂ ဦးအထိရှိသွားပြီဖြစ်ကာ အများအပြားလည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ကား ခရိုင်(Kerr County) တစ်ခုတည်း၌ပင် ရေလွှမ်းမိုးမှုများအတွင်း သေဆုံးသူ ၆၈ ဦးရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ထရာဗစ်ခရိုင် (Travis County)တွင် ခြောက်ဦး၊ ဘန်းနက်ခရိုင်(Burnett County) တွင် သုံးဦး၊ ကန်ဒေါလ်ခရိုင် (Kendall County) တွင် နှစ်ဦး၊ တွမ်ဂရင်းခရိုင်(Tom Green County) တွင် တစ်ဦးနှင့် ဝီလီယမ်ဆန်ခရိုင် (Williamson County) တွင် နှစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းများအရသိရသည်။

ဇူလိုင်လ ၄ ရက် အရုဏ်တက်ချိန်တွင် ပြည်နယ်အတွင်းစီးဆင်းနေသည့် ဂွါဒါလူပီမြစ်တစ်လျှောက် ရုတ်တရက် ရေတက်လာခဲ့ခြင်းဖြစ်ရာ ရေအမြင့်က ၂၆ ပေ အထိလျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး Texas Hill Country ဒေသအတွင်း၌ဆိုလျှင် အိမ်များနှင့် ကားများပါ ရေတိုက်စားမှု၌ မျောပါသွားခဲ့သည်။
ကားခရိုင်အတွင်း၊ Hunt မြို့ရှိ မိန်းကလေးများ၏ Camp Mystic စခန်းတွင်ဆိုလျှင်လည်း ဆယ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အများအပြားပျောက်ဆုံးလျက်လည်းရှိရာ ရှာဖွေ ကယ်ဆယ်ရေးသမားများက သစ်ပင်များနှင့်ရေပတ်လည်ဝိုင်းနေသော စခန်းများတွင် သောင်တင်နေသူများကို ရဟတ်ယာဉ်များ၊ စက်လှေများနှင့် မောင်းသူမဲ့လေယာဉ်များပါ အသုံးပြု၍ ကယ်ဆယ်ခဲ့ကြရသည်။ လွန်ခဲ့သော ၃၆ နာရီအတွင်းလူ ၈၅၀ ဦးကျော်ကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ဇူလိုင်လ ၆ ရက် ညနေပိုင်းသတင်းများကဆိုသည်။
ပြည်နယ်အတွင်းတာဝန်ရှိသူများက ပြည်နယ်အတွင်း မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်၍ ရေလွှမ်းမိုးမှု ထပ်မံဖြစ်လာနိုင်သည့် အလားအလာများရှိနေသေးကြောင်း ဇူလိုင်လ ၆ ရက်တွင် သတိပေးချက်များ ထုတ်ပြန်ထားသည်။
Ref- Newsweek, CNN
