
၄. ၇. ၂၀၂၅
Translate by Thettant
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး အဆိုပါကိစ္စရပ်များတွင် ကော့မြစ် (Kok River) နှင့် ဆိုင်မြစ် (Sai River) တို့ရှိ သတ္တုအဆိပ်အတောက်များ ညစ်ညမ်းမှုနှင့် နိုင်ငံဖြတ်ကျော် လိမ်လည်မှုလုပ်ငန်းများ နှိမ်နင်းခြင်းတို့ ပါဝင်သည်။
အဆိုပါ ကတိကဝတ်ကို ဇူလိုင် ၂ ရက်မှ ၄ ရက်နေ့အထိ ချင်းမိုင်တွင် ကျင်းပခဲ့သော ၃၇ ကြိမ်မြောက် ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (RBC) အစည်းအဝေး တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့် ဆွေးနွေးပွဲများတွင် နယ်စပ်လုံခြုံရေးနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အပြုသဘောဆောင်သော၊ ချစ်ကြည်ရင်းနှီးသော ပတ်ဝန်းကျင်တွင် မြှင့်တင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ၏ တတိယမြောက် တပ်မတော်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ကစ်တီဖုန်း ဂျိမ်းဆူဝမ်က RBC သည် ရေရှည်နယ်စပ်ဒေသစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အဓိကပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ကြောင်း မနေ့က ပြောကြားခဲ့သည်။ ထိုင်းအရာရှိများက အဓိကပြဿနာနှစ်ခုဖြစ်သည့် မြစ်ရေညစ်ညမ်းမှုနှင့် ဆိုက်ဘာလိမ်လည်မှုများကို တင်ပြခဲ့သည်။

ကော့မြစ်နှင့် ဆိုင်မြစ်တို့၏ ရေထုညစ်ညမ်းမှုသည် နယ်စပ်အနီးရှိ စည်းကမ်းမဲ့ ရွှေတူးဖော်ခြင်းကြောင့် အဓိကဖြစ်ပေါ်ခဲ့ပြီး ခဲနှင့် အာဆင်းနစ်ပါဝင်သော စွန့်ပစ်ရေများသည် ရေလမ်းကြောင်းများသို့ စီးဝင်နေကြောင်း ဂျိမ်းဆူဝမ်က ပြောကြားခဲ့သည်။ ထိုညစ်ညမ်းမှုများသည် ထိုင်းနှင့် မြန်မာ နှစ်ဖက်စလုံးရှိ ပြည်သူ့ကျန်းမာရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။
မြန်မာနိုင်ငံသည် ဤကိစ္စရပ်ကို ထပ်မံဆွေးနွေးရန်နှင့် RBC ၏ သဘောတူညီထားသော မူဘောင်အပေါ်အခြေခံ၍ ပူးပေါင်းဖြေရှင်းရန် သဘောတူညီခဲ့သည်။ နှစ်ဖက်စလုံးသည် နယ်စပ်ဖြတ်ကျော် Call Center လိမ်လည်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်လည်း ကတိပြုခဲ့ကြသည်။
ချင်းမိုင်အုပ်ချုပ်ရေးမှူး နိရတ် ပုန်စစ်သိတီထာဗွန်က ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သည် ဒေသခံပြည်သူများအပေါ် မြစ်ရေညစ်ညမ်းမှု၏ သက်ရောက်မှုကို တက်ကြွစွာ ဖြေရှင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ပြည်နယ်သည် ရေအရည်အသွေး စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီး ဒေသခံများအား ဘုံပိုင်ရေနမူနာများကို ခွဲခြမ်းစိတ်ဖြာရန် တင်ပြခွင့်ပြုခဲ့သည်။ အမျိုးသားအေဂျင်စီများနှင့် ပူးပေါင်းညှိနှိုင်း၍ သောက်သုံးရေသန့်များကိုလည်း ဖြန့်ဝေပေးနေသည်။
ကော့မြစ်သည် လက်ရှိတွင် စိုက်ပျိုးရေးအတွက် ရေအနည်းငယ်သာ ထောက်ပံ့ပေးနေသော်လည်း သတ္တုညစ်ညမ်းမှုပမာဏ လျော့ကျသွားပြီး ဘေးကင်းလုံခြုံသည့် ပမာဏအတွင်း ရှိနေပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ အာဏာပိုင်များသည် သောက်သုံးရေသန့် ရရှိမှု တိုးချဲ့ရန်အတွက် အခြားမျက်နှာပြင်ရေနှင့် မြေအောက်ရေအရင်းအမြစ်များကို ဆက်လက်ရှာဖွေလျက်ရှိသည်။
သီးခြားစီအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် အထက်ပိုင်းမြောက်ပိုင်းဒေသ အုပ်စု (၁) နှင့် (၂) မှ ပုဂ္ဂလိကကဏ္ဍ၏ ကုန်သွယ်မှု၊ စက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီက ကော့မြစ်နှင့် မဲခေါင်မြစ်များ ညစ်ညမ်းမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် ၎င်းတို့၏ အမျိုးသားဥက္ကဋ္ဌထံ အသနားခံစာတစ်စောင် တင်သွင်းခဲ့သည်။
အသနားခံစာတွင် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေးရှုထောင့်များအပေါ် ပြင်းထန်သော သက်ရောက်မှုများကို ဖော်ပြထားပြီး၊ အဆိုပါကိစ္စရပ်ကို ထိုင်းအစိုးရထံ တင်ပြရန်၊ အထူးသဖြင့် တရုတ်သံရုံးနှင့် ပူးပေါင်း၍ မြန်မာဘက်ခြမ်းမှ သတ္ထုတူးဖော်သည့်မိုင်းများ စစ်ဆေးရေးကို ဆောင်ရွက်ရန် တောင်းဆိုထားသည်။
Ref, Bangkok Post
