
MT News
၄.၇.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံတွင် မိခင်မဲ့ (၄) လသားကလေးငယ် ပုခက်ပေါ်က ပြုတ်ကျသေဆုံးမှုတစ်ခု ယမန်နေ့ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယင်းဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်၊ ဥထောင်မြို့နယ်၊ အမှတ် (၁၀)၊ ဥထောင်ကျေးရွာ အတွင်း မိခင်မရှိတော့သည့် (၄) လသားအရွယ် မြန်မာကလေးငယ်အား ဖခင်ဖြစ်သူက အလုပ်သွားရန် နို့ဘူးတိုက်၍ ထားခဲ့ပြီး နောက်တစ်ကြိမ် နို့ဘူးတိုက်ရန် သွားရောက်စဉ် ပုခက်ပေါ်က ပြုတ်ကျ သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်းသိရသည်။

“မနက်က အလုပ်သွားတော့ ကလေးက နို့ဘူးတိုက်ပြီး ပုခက်ထဲမှာ သိပ်ထားခဲ့တာ။ ကလေးအဖေက။ နောက်တစ်ကြိမ် ကလေးကို နို့ဘူးထပ်တိုက်မလို့ သွားတာ ကလေးက သေနေပြီ။ ကြည့်မယ့်သူ မရှိဘူး။ စိတ်မကောင်းစရာ ဖြစ်ရပ်တွေပါဗျာ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦး ပြောပြချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
ကလေးငယ်၏ မိခင်ဖြစ်သူမှာ ကလေးဖွားမြင်ပြီး တစ်လခန့်အကြာတွင် နေအိမ်မှထွက်သွားသော ကြောင့် ဖခင်ဖြစ်သူ အသက် ၄၇ နှစ်အရွယ်က အလုပ်တစ်ဖက်ဖြင့် သားငယ် (၄) လသား ကလေးငယ်အား ကြည့်ရှုထိန်းကျောင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ထိုင်းလူမှုကူညီရေးအသင်းတစ်ခုက ကလေးငယ်၏ ရုပ်အလောင်းကို ဥထောင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ကလေးသေဆုံးသည့် ကိစ္စကို သေမှုသေခင်းဖွင့်ကာ စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။