
၄.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းတောကန္တာရဒေသတွင်ခြောက်သွေ့ပူပြင်းသည့်ရာသီဥတုကြောင့် ဇူလိုင် ၃ ရက်က တောမီးတစ်ရပ်လောင်ကျွမ်းခဲ့ရာ ပြည်နယ်အတွင်း အစိတ်အပိုင်းအများအပြား၌ ဇူလိုင် ၄ ရက် အားလပ်ရက်မတိုင်မီ မီးဘေးအန္တရာယ်ကို မြင့်တက်စေခဲ့ကြောင်း သိရသည်။
Madre Fire ဟု ခေါ်ကြသော အဆိုပါတောမီး လောင်ကျွမ်းမှုက ပြည်နယ်အရှေ့တောင်ပိုင်း San Luis Obispo ခရိုင်တွင် ဇူလိုင် ၂ ရက်က စတင်ခဲ့ပြီးနောက် မြက်ခင်းပြင်များကို မီးလောင်ပျက်စီးစေခဲ့ကာ ၂၀၂၅ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်၏ အကြီးမားဆုံးတောမီးလောင်မှုဖြစ်လာခဲ့သည်။ တောမီးက ၅၅ စတုရန်းမိုင် (၁၄၂ စတုရန်းကီလိုမီတာ) ကျော်အထိ လျင်မြန်စွာကူးစက်လောင်ကျွမ်းလာခဲ့ရာ လောင်ကျွမ်းမှု၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

Santa Maria မြို့အရှေ့ဘက် ၄၅ မိုင် (၇၂ ကီလိုမီတာ) ခန့်အကွာရှိ Carrizo Plain National Monument ဘက်သို့ တောင်ကုန်းမြေမျက်နှာပြင်ကိုဖြတ်၍ မီးတောက်များ ရွေ့လျားလာသဖြင့် အမှတ် (၁၆၆) အဝေးပြေးလမ်းမကြီးအနီး နေထိုင်ကြသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်နှင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ Los Angeles ၏ အနောက်မြောက်ဘက် ၁၂၅ မိုင် ( ကီလို မီတာ ၂၀၀) အကွာတွင်ရှိသော ဒေသက နွေဦးရာသီတွင် လာရောက်လည်ပတ်သူများကို တောရိုင်းပန်းများကြည့်ရှုရန် ဆွဲဆောင်နိုင်သော ကျယ်ပြန့်သောမြက်ခင်းများရှိရာဒေသဖြစ်သည်။
အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် Ryan Kittell က ဇူလိုင်လ ၃ ရက်နှောင်းပိုင်းတွင် လေပြင်းတိုက်ခတ်မှုသည် တစ်နာရီ မိုင် ၄၀ (၆၄ ကီလိုမီတာ) ထိရှိလာနိုင်ပြီး အပူချိန် ၉၅ ဒီဂရီ ဖာရင်ဟိုက် (၃၅ ဒီဂရီစင်တီဂရိတ်) ထိ ရှိလာနိုင်၍ မီးသတ်သမားများအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်းတွင်လည်း အခြားသေးငယ်သော တောမီးလောင်ကျွမ်းမှုများက နေရာအနှံ့ ဖြစ်ပွားနေကြောင်း တွေ့ရသည်။ဇူလိုင်လ ၃ ရက် ညနေ ၅ နာရီအထိ တောမီးလောင်ကျွမ်းခံရမှု မြေဧက ပေါင်း ၅၂,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး လောင်ကျွမ်းမှု ၏ ၅ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သေးကြောင်းလည်း ပြည်နယ်မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
Ref- AP
