◾️ ရူပီး-ကျပ် စနစ်ဖြင့် ကုန်သွယ်မှုကို ခွင့်ပြုခဲ့ခြင်းက ငွေကြေးလွှဲပြောင်းမှုများကို ရိုးရှင်းစေပြီး ကုန်သွယ်မှုပမာဏကို မြှင့်တင်ပေးခဲ့

၄. ၇. ၂၀၂၅
Translated by Thettant
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ဆေးဝါးကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် အဓိက ခြေလှမ်းတစ်ရပ်အနေဖြင့် အိန္ဒိယဆေးဝါးတင်ပို့မှု မြှင့်တင်ရေးကောင်စီ (Pharmexcil) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ရာဂျာ ဘာနူနှင့် မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ကုန်သည်ကြီးများအသင်း (MCCPMD) ဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင် တို့သည် မြန်မာနိုင်ငံရှိ ဆေးဝါးထုတ်ကုန်များအား အတည်ပြုချက် အမြန်ဆောင်ရွက်ပေးနိုင်ရန် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေများကို စတင်ဆွေးနွေးနေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရေးပါသော ဆေးဝါးတင်ပို့မှုနေရာများထဲမှ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်ချက် ၆၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယက ပံ့ပိုးပေးလျက်ရှိသည်။
“အရေးကြီးတဲ့ တိုးတက်မှုတစ်ခုကတော့ MCCPMD ဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ နယူးဒေလီမြို့၊ ဘာရတ် မန်ဒါပမ်၊ ပရာဂါတီ မိုင်ဒန်မှာ ကျင်းပမယ့် iPHEX 2025 မှာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တာပါပဲ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်သွားမှာပါ” ဟု ရာဂျာ ဘာနူက ပြောကြားခဲ့သည်။
Pharmexcil သည် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ပီယွစ် ဂိုယယ်နှင့် ဆွေးနွေးခဲ့ရာတွင် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းသစ်များနှင့် အိန္ဒိယတင်ပို့သူများအတွက် ပြည်ပဝယ်ယူသူများ၏ မြင်သာမှု တိုးတက်စေရန် စီစဉ်ဆောင်ရွက်မည့်အကြောင်းကိုလည်း အလေးထားပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ iPHEX 2025 သည် B2B ဝက်ဘ်ပလက်ဖောင်းကို ပိုမိုလက်လှမ်းမီနိုင်စေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ iPHEX-2025 တွင် အသင်းဝင်ကုမ္ပဏီများအတွက် သီးသန့် B2B ဝက်ဘ်ဒိုမိန်းတစ်ခု ဖန်တီးပေးခြင်းဖြင့် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လက်လှမ်းမီနိုင်မှုနှင့် မြင်သာမှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး အသိအမှတ်ပြုမှုများဖြင့် ပြည်ပဝယ်ယူသူများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆက်သွယ်ကာ မှာယူမှုများ ပြုလုပ်နိုင်စေမည်ဖြစ်သည်။ iPHEX 2025 တွင် ပါဝင်မည့် အိန္ဒိယဆေးဝါးကုမ္ပဏီများသည် အိန္ဒိယ၏ ဆေးဝါးဆိုင်ရာ ထူးချွန်မှုများနှင့် တတ်နိုင်သော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းများကို ပြသရာတွင် အထောက်အကူပြုမည်ဖြစ်သည်။
၂၀၂၄-၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အိန္ဒိယ၏ ဆေးဝါးတင်ပို့မှုမှာ သိသိသာသာ တိုးတက်ခဲ့ပြီး အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများသည် ၎င်းတို့၏ သင့်တင်သောစျေးနှုန်းနှင့် အရည်အသွေးကြောင့် စျေးကွက်၏ အများဆုံးဝေစုကို ရရှိခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံသို့ အိန္ဒိယ၏ ဆေးဝါးတင်ပို့မှုသည် လက်လီရောင်းချရန် ထုပ်ပိုးထားသောဆေးဝါးများ အတွက်ပင်လျှင် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၆ သန်း တန်ဖိုးရှိခဲ့သည်။ ဤကုန်သွယ်မှုကို ရူပီး-ကျပ် ကုန်သွယ်မှုအခြေချစနစ်က ထပ်မံမြှင့်တင်ပေးခဲ့ရာ ယင်းစနစ်သည် အိန္ဒိယရူပီးငွေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေခဲ့သည်။ လက်လီရောင်းချရန် ဆေးဝါးများ အပါအဝင် အခြားဆေးဝါးများသည် အဓိကတင်ပို့သည့် အမျိုးအစားဖြစ်သည်။ အခြားတင်ပို့မှုများတွင် အမျိုးမျိုးသော ဆေးဝါးထုတ်ကုန်များနှင့် ကာကွယ်ဆေးများ ပါဝင်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှစတင်၍ အကောင်အထည်ဖော်ခဲ့သော ရူပီး-ကျပ် ကုန်သွယ်မှုအခြေချစနစ်သည် အိန္ဒိယရူပီးငွေဖြင့် ကုန်သွယ်မှုကို ခွင့်ပြုခြင်းဖြင့် ငွေကြေးလွှဲပြောင်းမှုများကို ရိုးရှင်းစေပြီး ကုန်သွယ်မှုပမာဏကို မြှင့်တင်ပေးခဲ့သည်။
Ref, pharmabiz.com
