◾️ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ရသည့် ရပ်/ကျေးနှင့် မြို့နယ်အဖွဲ့များ ငွေကြေးမသမာမှုမရှိစေရေး၊ အဂတိမဖြစ်ပေါ်စေရေး စိစစ်ကြပ်မတ်ရန်လိုဟုပါ ပြောကြား

၄. ၇. ၂၀၂၅
Written by Nyein Kyaw
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသူများကို အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် မမှန်မကန်တိုင်ကြားမှုများ၊ လုပ်ကြံဝါဒဖြန့်ခြင်းများကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂ဝ၂၅)တွင် ပြောကြားသည်။
“ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ စည်းကမ်းတကျ စုဆောင်းမှုကို အလေးထားရန်” လမ်းညွှန်ထားမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် ဦးစွာမှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ အသက် သတ်မှတ်ချက်နှင့် ကိုက်ညီ အကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းတို့အထဲမှ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ၊ ချီးကျူးဂုဏ်ပြုလက်မှတ်များ ရရှိခဲ့သူများလည်း ပေါ်ထွန်းနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃)ခု တက်ရောက်လေ့ကျင့်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆောင်ရွက်ကြသည့် တာဝန်ရှိသူအဆင့်ဆင့်မှ သိရှိနားလည်ပြီး လိုက်နာ လုပ်ဆောင်နိုင်ရေး ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသူများကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည့် မမှန်မကန် တိုင်ကြားမှုများ၊ လုပ်ကြံဝါဒဖြန့်ခြင်းများကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြိုနယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးမသမာမှုမရှိစေရေး၊ အဂတိမဖြစ်ပေါ်စေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးတို့ အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးရန်လိုကြောင်းလည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
