
၂.၇.၂၀၂၅
Written by Hey Mar
ရက်ရက်စက်စက် မသေမချင်း ဓားနဲ့ ခုတ်ကာ သတ်ဖြတ်ခံရတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်းက ဘုန်းကြီးနဲ့ ဒါယိကာမ အမှုဖြစ်စဉ် ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ပေမယ့် တရားလိုဘက်က တက်ရောက်နိုင်ခြင်းမရှိလို့ အမှုကို စတင်စစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

သေဆုံးသူဒေါ်သီတာအောင်ရဲ့အမှုမှာ တရားလိုခင်ပွန်းဖြစ်သူက ဒီနေ့ရုံးချိန်းကို မျက်စိခွဲစိတ်ကုသထားရတဲ့ အတွက် တက်ရောက်နိုင်ခြင်းမရှိတာကြောင့် ရှေ့တစ်ပတ်ကို ထပ်မံ ချိန်းဆိုရတာပါ။
တရားလိုက “ကျွန်တော်က ဇနီးသေဆုံးတော့ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက် မမြင်ရက်စရာ အခြေအနေကို ရုတ်တရက်တွေ့တော့ သွေးဆောင့်တက်သွားတာ။ အဲဒီမှာ ဘယ်ဘက်မျက်လုံးထိသွားတယ်။ ဆရာဝန်ပြောတာတော့ အမြင်အာရုံ ကွာသွားတာတဲ့။ ခွဲထားတာမို့ မိုးရေထိလို့ မရဘူး။ အဲဒါကြောင့် တရားရုံး မတက်ဖြစ်တာပါ။ နောက်ရုံးချိန်း ဆက်ဆက်တက်မှာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးက ဒါယိကာမကိုသတ်တဲ့ အမှုဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့မှာ လှည်းကူးခရိုင်တရားရုံးဆီကို ရဲလုပ်ငန်းဆောင်ရွက်မှုတွေလုပ်ဆောင်ပြီးတင်ပို့ကာ တရားခံကို အင်းစိန်ထောင်ဆီ ပို့လိုက်တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူဘုန်းကြီးဘွဲ့ အမည် ဦးသမ္မာစာရ (လူအမည် )သန်းဦးကို ပုဒ်မ ၃၀၂နဲ့ တရားစွဲဆိုထားတဲ့ အမှုဖြစ်ပြီး သေဆုံးသူ ဒေါ်သီတာအောင်ရဲ့ ရုပ်အလောင်းမှာ ရက်စက်စွာ ခုတ်ထစ်ခံထားရလို့ လက်နှစ်ဖက် ပြတ်လုပြတ်ခင် ဒဏ်ရာ၊ ဂုတ်ပိုးမှာ ခုတ်ထစ်ခံထားရလို့ ခေါင်းပြတ်လုပြတ်ခင် ဒဏ်ရာ ညာဖက်ပါရိုး ခုတ်ထစ်ခံရတဲ့ မချိမဆန့်ဒဏ်ရာတွေရရှိ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
