◾ သီလဝါရှယ်ယာတစ်စု၏ ဝင်ငွေမှာလည်း ၃၄ ကျပ်မှ ၃၃၃ ကျပ်သို့ မြင့်တက်လာ၍ ရှယ်ယာတစ်စုလျင် အမြတ် ကျပ် ၁၉၀ ခွဲဝေပေးမည်
၃၀. ၆. ၂၀၂၅
Written by Tha Doe
သီလဝါကုမ္ပဏီ MTSH (မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ၏ အသားတင်အမြတ်မှ ယခင်ဘဏ္ဍာနှစ်က ကျပ် ၁ ဘီလျံကျော်သာရှိသော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသားတင်အမြတ်ငွေမှာ ကျပ် ၁၂ ဘီလျံနီးပါးအထိ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
MTSH အနေဖြင့် ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ငွေမှာ ကျပ် ၁၁ ဒသမ ၈ ဘီလျံ တိုးတက် ရရှိခဲ့သည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် အသားတင်အမြတ်ငွေကျပ် ၀ ဒသမ ၉၈ ဘီလျံမှ ကျပ် ၁၁ ဒသမ ၈ ဘီလျံသို့ တိုးတက်ခဲ့ပြီး အမြတ်ငွေများ မြင့်မားလာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယခုဘဏ္ဍာနှစ်တွင် စီမံအုပ်ချုပ်မှုမှရရှိသော ဝင်ငွေတိုးမြှင့်ရရှိခြင်း၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ၊ အရောင်းကိုယ်စားလှယ် ကော်မရှင်ခများရရှိခြင်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအကျိုးသက်ရောက်မှုများကြောင့်ဖြစ်သည်။
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များတိုးမြင့်လာရခြင်းမှာ တွဲဖက်လုပ်ငန်းမှ ဖြစ်ပေါ်လာသည့် အမြတ်ငွေကြောင့်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ နေ့တွင် ကျပ် ၇၆ ဒသမ ၅ ဘီလျံရှိခဲ့သည်။ ၎င်းအနက်မှ ၆၆ ရာခိုင်နှုန်းသည် တွဲဖက်လုပ်ငန်းမှ ဖြစ်ပေါ်လာသည့် မခွဲဝေရသေးသော အမြတ်ငွေဖြစ်သည်။ လက်ငင်းရပိုင်ခွင့်များ တိုးလာရခြင်းမှာ နေရောင်ခြည်စွမ်းအင် စီမံကိန်းနှင့် စပ်လျဉ်း၍ ကြိုတင်ငွေပေးချေမှုနှင့် အမှန်မပေါ်ပေါက်ခဲ့သော နိုင်ငံခြားငွေလဲလှယ်နှုန်း အကျိုးသက်ရောက်မှု များကြောင့်ဖြစ်သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လက်ငင်းရပိုင်ခွင့်စုစုပေါင်းမှာ ကျပ် ၁၅ ဒသမ ၈ ဘီလျံရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၇ ဒသမ ၇ ဘီလျံ တိုးမြင့်လာခဲ့သည်။
MTSH ကုမ္ပဏီ၏ ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုဆောင်းထားသော အမြတ်ငွေမှာ ကျပ် ၄၉ ဒသမ ၂ ဘီလျံ ရှိပြီး ငွေနှင့်ငွေသားညီမျှခြင်းလက်ကျန်မှာ ကျပ် ၁၂ ဒသမ ၅ ဘီလျံအထိ ရှိနေသည်။
ထို့အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဝင်ငွေမှာ ကျပ် ဘီလျံ ၂၀ ရရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျပ် ၁၆ ဒသမ ၅ ဘီလျံ တိုးမြှင့် ရရှိခဲ့ကာ ဝင်ငွေတိုးတက်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ စီမံအုပ်ချုပ်မှုမှ ရရှိသော ဝင်ငွေမြင့်တက်လာခြင်း၊ နှစ်ရှည်မြေငှားရမ်းခြင်းမှ ကော်မရှင်ဝင်ငွေနှင့် ကုန်သွယ်လုပ်ငန်းမှ ရရှိသော ဝင်ငွေတို့ကြောင့်ဖြစ်သည်။
ထို့အတွက် အကြမ်းအမြတ်သည် ကျပ် ၆ ဒသမ ၃ ဘီလျံဖြစ်ပြီး ၎င်းအကြမ်းအမြတ်သည် ယခင် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၄ ဘီလျံ အသားတင်တိုးမြှင့် ရရှိခဲ့သည်။ လုပ်ငန်းလည်ပတ်မှု အမြတ်ငွေသည် ကျပ် ၆ ဒသမ ဘီလျံဖြစ်ပြီး ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ကျပ် ၅ ဒသမ ၅ ဘီလျံတိုးမြှင့် ရရှိခဲ့သည်။ ဤတိုးတက်မှုသည် အထက်ဖော်ပြပါ အကြောင်းအရင်းများနှင့် တွဲဖက်လုပ်ငန်းမှရရှိသော အမြတ်ငွေများ တိုးမြင့်လာခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် MTSH လက်အောက်ခံ မြန်မာ-ဂျပန် သီလဝါ ဒတ်ပလော့မင့်လီမိတက်နှင့် ဆက်စပ်၍ ရရှိမည့်အမြတ်ဝေစုပမာဏမှာ ယခုဘဏ္ဍာရေးနှစ်အတွင်း နှစ်ရှည်မြေငှားရမ်းခြင်းများ ရရှိခဲ့ခြင်းကြောင့် ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၁ ဒသမ ၃ ဘီလျံမှ ကျပ် ၄ ဒသမ ၄ ဘီလျံသို့ တိုးမြင့်ခဲ့သည်။
ယခုဘဏ္ဍာရေးနှစ်၏ အသားတင် အမြတ်ပမာဏမှာ ကျပ် ၁၃ ဒသမ ၂ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၁၁ ဒသမ ၈) ဘီလျံ တိုးမြှင့် ရရှိခဲ့သည်။ ဤတိုးတက်မှုသည် အထက်ဖော်ပြပါ အကြောင်းအရင်းများနှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းပြောင်းလဲမှု အမြတ်များကြောင့်ဖြစ်ပါသည်။ ကုမ္ပဏီ၏ အစုရှင်များသို့ ခွဲဝေနိုင်သော အမြတ်မှာ ကျပ် ၁၂ ဒသမ ၉ ဘီလျံဖြစ်သည်။
ယေဘူယျအားဖြင့် အထက်ဖော်ပြပါ အခြေအနေများကြောင့် နှိုင်းယှဉ်ကာလတွင် ရှယ်ယာတစ်စု၏ ဝင်ငွေသည် ၃၄ ကျပ်မှ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ရှယ်ယာတစ်စု၏ ဝင်ငွေသည် ၃၃၃ ကျပ်သို့ မြင့်တက်ခဲ့သည်။ ယခုနှစ် ဘဏ္ဍာရေးအချက်အလက်များအပေါ် အခြေခံ၍ ဇွန်လ (၂၄) ရက်နေ့တွင် ကျင်းပသော ဒါရိုက်တာအစည်းအဝေးတွင် အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၉၀ အမြတ်ဝေစုခွဲဝေပေးရန်ဆုံးဖြတ်ခဲ့ပြီး ၎င်းအားလာမည့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ကြေညာမည်ဖြစ်သည်။
လက်ငင်းရပိုင်ခွင့်များ မြင့်တက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယခုဘဏ္ဍာရေးနှစ်အတွင်း စီမံအုပ်ချုပ်မှုမှရရှိသော ဝင်ငွေမြင့်တက်လာခြင်း၊ ကုန်သွယ်လုပ်ငန်းမှ ရရှိသော ဝင်ငွေများကြောင့် ငွေနှင့်ငွေသားလက်ကျန်များ မြင့်တက်လာရခြင်း ဖြစ်ပါသည်။ ကုမ္ပဏီအုပ်စု ၏ စုစုပေါင်း လက်ငင်းရပိုင်ခွင့်မှာ ကျပ် ၄၆ ဒသမ ၇ ဘီလျံဖြစ်ပြီး ၎င်းပမာဏထဲတွင် ငွေသားနှင့် ဘဏ်လက်ကျန် ပိုင်ဆိုင်မှုမှာ ကျပ် ၁၇ ဒသမ ၇ ဘီလျံ ဖြစ်သည်။
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ မြင့်တက်လာရခြင်းမှာ တွဲဖက်ကုမ္ပဏီ ၏ စုဆောင်းပြီး မခွဲဝေရသေးသော အမြတ် လက်ကျန်ငွေ တိုးလာခြင်းနှင့်ဆက်စပ်၍ ရရှိမည့် အမြတ်ဝေစုကြောင့်ဖြစ်ကာ လက်ငင်းမဟုတ်သောရပိုင်ခွင့် ကျပ် ၅၉ ဒသမ ၃ ဘီလျံအနက် မြန်မာ-ဂျပန် သီလဝါ ဒတ်ပလော့မင့်လီမိတက်၏ စုဆောင်းပြီး မခွဲဝေရသေးသော အမြတ်လက်ကျန်ငွေ ကျပ် ၅၀ ဒသမ ၇ ဘီလျံရှိနေသည်။
လက်ငင်းနှင့်လက်ငင်းမဟုတ်သောပေးရန်တာဝန် ကျပ် ၂ ဒသမ ၂ ဘီလျံမှ ကျပ် ၄ ဒသမ ၅ ဘီလျံသို့ မြင့်တက်လာရခြင်းမှာ နှစ်ကုန်ရှိ မခွဲဝေရသေးသောအမြတ်ဝေစုများနှင့် သဘာဝဘေးအန္တရာယ်အတွက် အလှူငွေလျာထား ချက်ကြောင့် ဖြစ်သည်။
ထို့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စုဆောင်းပြီး အသားတင် အမြတ်လက်ကျန်သည် ကျပ် ၁၁ ဘီလျံ ( ကျပ် ၄၃ ဒသမ ၄ ဘီလျံမှ ကျပ် ၅၄ ဒသမ ၄ ဘီလျံ) မြင့်တက်ခဲ့သည်။ စုဆောင်းပြီး အမြတ်လက်ကျန်ငွေ မြင့်တက်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ယခုဘဏ္ဍာရေးနှစ်အတွင်း ရရှိသော အမြတ်ငွေနှင့် အစုရှယ်ယာရှင်များအားပေးသော အမြတ်ဝေစုများ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်ဟုလည်း သိရသည်။


